အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းတွင် ခြေစွမ်းကျဆင်းနေသော ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်း၏အခြေအနေမှာ အသင်း၏ကွင်းလယ်လူဟောင်း အိုဇေးလ်၏အခြေအနေနှင့် ကွာခြားသည်ဟု ပြောကြားခဲ့သည်။
အိုဇေးလ်သည် အာဆင်နယ်အသင်းတွင် တစ်ပတ်လစာငွေ ပေါင် (၃၅၀၀၀၀)ဖြင့် စာချုပ်သစ်ချုပ်ဆိုပြီးနောက် ခြေစွမ်းမတည်မငြိမ်ဖြစ်ခဲ့ပြီး အသင်း၌ပွဲကစားခွင့်ပျောက်ဆုံးကာ နောက်ဆုံးတွင် အသင်းပြောင်းရွှေခဲ့ရသည်။
လက်ရှိတွင် အူဘာမီယန်းမှာလည်း လစာငွေတစ်ပတ် ပေါင်(၃၇၅၀၀၀)ရရှိသည့် (၃)နှစ်သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် ခြေစွမ်းကျဆင်းနေရာ အိုဇေးလ်နှင့် နှိုင်းယှဉ်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် အာတီတာက အူဘာမီယန်းဘက်မှ ကာကွယ်ခဲ့ပြီး ၎င်းအနေဖြင့် အာဆင်နယ်အသင်းအတွက် အစွမ်းကုန်ကြိုးစားကစားရန် အမြဲအသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
အူဘာမီယန်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၃၃) ပွဲတွင် (၁၄) ဂိုးသာသွင်းယူနိုင်ခဲ့ပြီး (၂)ဂိုးသာ ဖန်တီးပေးနိုင်ခဲ့သည်။
သို့သော် ပြီးခဲ့သည့်ရာသီတွင်မူ ပြိုင်ပွဲစုံ (၄၄)ပွဲကစားရာ၌ (၂၉)ဂိုးအထိသွင်းယူကာ (၃)ဂိုး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။