spot_img

အူဘာမီယန်းအား အာဆင်နယ်အသင်း (၃)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆို တော့မည်ဟု သတင်းများထွက်ပေါ်လာပြီး အိုဇေးလ်၏လစာစံချိန်ကိုကျော်မည်

အာဆင်နယ်အသင်းသည် ၎င်းတို့အသင်း၏ တိုက်စစ်မှူးနှင့် အသင်းခေါင်းဆောင်ဖြစ်သည့်အူဘာမီယန်းအား (၃)နှစ် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုနိုင်တော့ မည်ဖြစ်ပြီး စာချုပ်သစ်အရ အူဘာမီယန်း၏ လစာငွေမှာ ကလပ်စံချိန်တင်လစာနှုန်းထားရှင်ဖြစ်သည့် အိုဇေးလ်ကို ကျော်လွန်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိအချိန်တွင် အိုဇေးလ်သည် တစ်ပတ်လုပ်ခ ပေါင် (၃၅ဝဝဝဝ)ဖြင့် ကလပ်အသင်းတွင် လစာအများဆုံးရရှိနေသူဖြစ်ပြီး အူဘာမီယန်း၏ လစာငွေသည် အိုဇေးလ်ထက် မည်မျှ ပိုမိုများပြားမည်ဆိုခြင်းနှင့် ပတ်သက်၍မူ အတိအကျမသိရှိရချေ။

myan789

အာဆင်နယ်အသင်းနှင့် အူဘာမီယန်းတို့သည် စာချုပ်သစ်အတွက် လပေါင်းများစွာ ဆွေးနွေးခဲ့ကြသော်လည်း ကြန့်ကြာမှုများ ရှိနေခဲ့ပြီး အသင်းသို့ အာတီတာ ရောက်ရှိလာပြီးနောက်တွင်မူ အခြေအနေက ပြောင်းလဲသွားခဲ့သည်ဟု မီဒီယာများက ဆိုသည်။

အူဘာမီယန်းနှင့် အာတီတာတို့အကြား ဆက်ဆံရေး အခြေအနေ၊ အာတီတာလက်ထက် အသင်း၏ အောင်မြင်မှုအချို့နှင့် လူငယ်ကြယ်ပွင့်များထွက်ပေါ်လာခြင်း၊ စာချုပ်ခေါ်ယူခဲ့ခြင်းတို့က အူဘာမီယန်းကိုအသင်းတွင် ဆက်ရှိအောင် ဆွဲဆောင်နိုင်ခဲ့သည်ဟု The Athletic က ဖော်ပြခဲ့သည်။

အသက် (၃၁)နှစ် အရွယ်ရှိနေပြီဖြစ်သည့် အူဘာမီယန်းကို အာဆင်နယ်အသင်းဘက်က လိုက်လျောမှုများလည်း ရှိခဲ့ပြီး ယင်းလိုက်လျော မှုများမှာ (၃)နှစ်စာချုပ်ချုပ်ဆိုပေးရန် သဘောတူခဲ့ခြင်း၊ စံချိန်တင်လစာငွေပေးချေခဲ့ခြင်းတို့လည်း ဖြစ်သည်။

အူဘာမီယန်းသည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၄)ပွဲ ကစားခဲ့ရာတွင် (၂၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး FA ဖလားပြိုင်ပွဲအောင်မြင်မှုနှင့် ယခု ရာသီကြို ကွန်မြူနတီဒိုင်းအောင်မြင်မှုတို့တွင် အရေးပါသည့်နေရာတွင် ပါဝင်ခဲ့သည်။

သူသည် ကလပ်အသင်းအတွက် (၂)ရာသီခွဲ ကစားခဲ့ရာတွင် ရာသီပြည့် (၂)ရာသီစလုံးမှာ ကလပ်အသင်း၏ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်၏ ရွှေဖိနပ်ဆုရှင်လည်းဖြစ်ခဲ့သည်။

စာချုပ်သက်တမ်းမှာ (၁၂)လပင် မကျန်တော့သည့် အခြေအနေတွင် စာချုပ်သစ်အတွက် သဘောတူညီမှုမရပါက အလွတ်ပြောင်းရွှေ့ကြေးနှင့် ထွက်ခွာခွင့်ပေးရမည့်အခြေအနေက အလွန်နစ်နာနိုင်သလို၊ အူဘာမီယန်းနေရာတွင် အစားထိုးရန် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူမည်ဆိုပါကအလွန်တန်ဖိုးကြီးမြင့်နိုင်သဖြင့် စံချိန်တင်လစာငွေနှင့် နှစ်ရှည်စာချုပ်တို့ ချုပ်ဆိုခဲ့ခြင်းတို့မှာ အာဆင်နယ်အနေဖြင့် လုပ်ပေးသင့်သည့် ကိစ္စများဖြစ်သည်ဟု The Telegraph က သုံးသပ်ခဲ့သည်။

အာဆင်နယ်အသင်းက ထွက်ခွာသွားခဲ့ပြီဖြစ်သည့် ရာအူးလ်ဆန်နယ်လ်ဟီ အသင်းတွင် ရှိစဉ်ကတည်းက စာချုပ်သက်တမ်းတိုးရန် လိုအပ်သည့် အစိတ်အပိုင်းတော်တော်များများကို ပြုလုပ်ထားပြီးဖြစ်ကြောင်းနှင့် အားကစားဒါရိုက်တာ အီဒူးနှင့် ကစားသမားအပြောင်းအရွှေ့နှင့် စာချုပ်ကိစ္စများ ညှိနှိုင်းသူ ဟုစ်ဖာမီတို့သည် နောက်ဆုံးအပိုင်းများကို အချောသပ်ရုံသာရှိခဲ့သည်ဟုလည်း talk Sport က ဆိုခဲ့သည်။

အာဆင်နယ်အသင်းနှင့် အူဘာမီယန်းတို့သည် စာချုပ်သစ် လက်မှတ်ရေးထိုးမှုနှင့် တရားဝင်ကြေညာမှု တို့ကို ယခုလာမည့် ရက်ပိုင်းအတွင်း အပြီးသတ်နိုင်လိမ့်မည်ဟုလည်း သိရှိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular