အာဆင်နယ် အသင်း ရဲ့ Invincible အဖွဲ့ဝင်ဟောင်း လော်ရန် က အိုဇေးလ် ထွက်ခွာ သွားတာဟာ နှစ်ဦး နှစ်ဖက် စလုံး အတွက် အကောင်းဆုံး အဖြေ ဖြစ်ကြောင်း သုံးသပ် လိုက်ပြီး လစ်လပ် သွားတဲ့ ကျောနံပါတ် ၁၀ နဲ့ ထိုက်တန်သူဟာ စမစ်ရို ဖြစ်နိုင်ကြောင်း ဆိုပါတယ် ။
၂၀၁၃ ခုနှစ်မှာ ရီးရဲလ် မက်ဒရစ် ကနေ အာဆင်နယ် အသင်းကို စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၄၂.၅ သန်းနဲ့ ရောက်ရှိ လာခဲ့တဲ့ အိုဇေးလ် ရဲ့ အာဆင်နယ် ကစားသမား ဘဝ ခုနှစ်နှစ်ကျော်ကာလ ကတော့ အဆုံးသတ် သွားခဲ့ပြီ ဖြစ်ပါတယ် ။
အာဆင်နယ် အသင်း နဲ့ မီဆွတ် အိုဇေးလ် တို့ဟာ ကျန်ရှိနေသေးတဲ့ စာချုပ် သက်တမ်း ခြောက်လကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိ သွားခဲ့ပြီးနောက် အိုဇေးလ် ဟာ ဖီနာဘာချီ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့ခွင့် ရရှိ သွားခဲ့တာ ဖြစ်ပါတယ် ။
နည်းပြကြီး အာဆင်ဝင်းဂါး လက်အောက်မှာ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ အိုဇေးလ် ဟာ အာတီတာ လက်အောက်မှာ ကစားခွင့် ပျောက်ဆုံး နေခြင်းကြောင့် တူရကီ ကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ သွားခဲ့တာပါ ။
လော်ရန် က အိုဇေးလ် ထွက်ခွာသွားတာနဲ့ ပတ်သက်ပြီး Stadium Astro မှာ ” တစ်ခါတစ်လေမှာ ခင်ဗျားအနေနဲ့ ကစားသမား နဲ့ သဘောတူညီမှု ရရှိအောင် လုပ်နိုင်ဖို့ လိုအပ်ပါတယ် ။ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကောင်းဆုံး ဖြစ်စေမယ့် အဖြေကို ရှာဖွေ ရတာပါပဲ ၊ ကျွန်တော်တို့ မသိနိုင်တဲ့ နောက်ကွယ်က အကြောင်းအရာတွေ ရှိဦးမှာပါ ။ ”
” ဒီကိစ္စက နှစ်ဦး နှစ်ဖက် ဖြေရှင်းရတဲ့ ကိစ္စပါ ၊ ကိုယ်က ထိပ်တန်း ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ၊ အိုဇေးလ် လို အရည်အသွေးလည်း ရှိတယ် ။ ဒါပေမယ့် အူနိုင်း အောက်မှာလည်း ကစားခွင့် မရဘူး ၊ အာတီတာ အောက်မှာလည်း ကစားခွင့် မရဘူး ၊ ဒါဆို နည်းပြ ကို ပြစ်တင် ရမှာလား အသင်းကို ပြစ်တင်ရမှာလား ၊ ကျွန်တော်ကတော့ သူတို့ကို ပြစ်တင်ရမယ်လို့ မယုံကြည်ပါဘူး ။ ”
” ကိုယ်က ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ပြီး အပတ်စဉ် ခြေစွမ်းကောင်းတွေ ပြသ ထားနိုင်ရင် ဘယ်နည်းပြကမှ အရန်ခုံမှာ မထားဘဲ မနေပါဘူး ၊ အသုံးမပြုဘဲ မနေပါဘူး ။ ”
” သူ့(အိုဇေးလ်) အတွက် အကောင်းဆုံး အဖြေက ဒီအသင်းက ထွက်ခွာပြီး သူ ခေါင်းဆောင်လုပ်လို့ ရမယ့် နေရာ ၊ ကိုယ့်အိမ်လို့ ခံစားမိစေမယ့် နေရာကို ရှာဖွေရမှာပါ ။ ဒီသတင်းက နှစ်ဦးနှစ်ဖက်စလုံး အတွက် အကောင်းဆုံး သတင်းပါပဲ ။ ”
” အာဆင်နယ် ဘက်ကလည်း ကစားသမား တစ်ဦး အတွက် လစာတွေ အများကြီး မပေးနိုင်တော့ပါဘူး ။ သူ(အိုဇေးလ်) ကလည်း အပတ်စဉ် ကစားခွင့် ရနိုင်တဲ့ နေရာကို ပြောင်းရွှေ့ သွားခဲ့တာပါ ။ ”
ဆက်လက်ပြီး လော်ရန် က လစ်လပ် သွားတဲ့ အိုဇေးလ် ရဲ့ ကျောနံပါတ် ၁၀ ကို ဘယ်သူ့ကို ပေးသင့်သလဲ ဆိုတဲ့ မေးခွန်းကို ” အိုဇေးလ် ကစားတဲ့ နေရာအရ စမစ်ရို က အဖြစ်နိုင်ဆုံးပါပဲ ။ သူသာ တစ်ပတ်ပြီးတစ်ပတ် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသ နိုင်ရင် လာမယ့်ရာသီမှာ နံပါတ် ၁၀ ကို ရလာနိုင်ပါတယ် ၊ ဘာကြောင့် မဖြစ်နိုင်ရမှာလဲဗျာ ။ ” လို့ ဆိုပါတယ် ။