လီဗာပူးမန်နေဂျာ ကလော့ပ်အတွက် ချန်ပီယံလိဂ်မှာ နောက်ထပ် အသည်းကွဲ ဇာတ်လမ်းတစ်ပုဒ်ကို ရီးရဲမက်ဒရစ်အသင်းက ထပ်မံစီစဉ်တင်ဆက်ပေးလိုက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လီဗာပူးက အန်ဖီးမှာ ရီးရဲမက်ဒရစ်ကို ၂-၅ နဲ့ရှုံးခဲ့ပါတယ်။ လီဗာပူးက ပထမပိုင်း ၁၄ မိနစ်အတွင်းမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရီးရဲမက်ဒရစ်အသင်းကု ၅ ဂိုးပြန်သွင်းသွားတာဖြစ်ပါတယ်။
ပထမပိုင်း ၄ မိနစ်မှာပဲ ဆာလာရဲ့ဖန်တီးပေးမှုကနေတဆင့် နူးညက်ဇ်က လှလှပပ အဆုံးသတ်ပြီး လီဗာပူးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်း ၁၄ မိနစ်မှာ ရီးရဲမက်ဒရစ်ဂိုးသမား ကော့တွိုက်စ်ရဲ့အမှားကနေ ဆာလာက နောက်ထပ်တစ်ဂိုး လီဗာပူးအတွက် သွင်းယူခဲ့ပါတယ်။ ဒီဂိုးသွင်းပြီးတဲ့နောက် ဆာလာဟာ လီဗာပူးအတွက် ဥရောပပြိုင်ပွဲတွေမှာ သွင်းဂိုး ၄၂ ဂိုးအထိ သွင်းပေးနိုင်ခြင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ဂျရတ်ကို ကျော်ဖြတ်ကာ လီဗာပူးအတွက် ဥရောပမှာ ဂိုးအများဆုံးသွင်းသူ အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ပထမပိုင်းပွဲချိန် မိနစ် ၂၀ လောက်အထိမှာ လီဗာပူးက ခြေစွမ်းတွေစွတ်ပြနေပြီး နူးညက်ဇ် ဂက်ပို တို့ကလည်း ကြောက်စရာ တိုက်စစ်အင်အားကို ပြသနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အနေနဲ့ ဒီပွဲမှာ ပြန်လာနိုင်ပါတော့မလား ထင်မှတ်မှားရတဲ့အချိန်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ရီးရဲမက်ဒရစ်က အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့ပါတယ်။ ဗီနီးဆီးယပ်စ်ဂျူနီယာက လီဗာပူးအသင်းညာတောင်ပံကို အကောင်းဆုံးဒုက္ခပေးခဲ့သလို နှစ်ဂိုးလည်း သွင်းခဲ့ပါတယ်။ ဘန်ဇီမာကြီးကလည်း နှစ်ဂိုးသွင်းပြီး လီဗာပူးကို အန်ဖီးမှာ အနိုင်ယူပြခဲ့တာကြောင့် ကလော့ပ်အတွက် အိပ်မရတဲ့ညတွေ ထပ်တိုးလာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။
ဗီနီးဆီးယပ်စ်ဂျူနီယာက ပွဲချိန် ၂၁ မိနစ်မှာ ရီးရဲမက်ဒရစ်အတွက်ပထမဂိုးကို ဘန်ဇီမာရဲ့ဖန်တီးပေးမှုက တစ်ဆင့်သွင်းနိုင်ခဲ့ပါတယ်။ ၃၆ မိနစ်မှာ လီဗာပူးဂိုးသမားအယ်လစ်ဆင်ရဲ့အမှားကနေတဆင့် ဗီနီးဆီးယပ်စ်က နောက်ထပ်တစ်ဂိုးသွင်းခဲ့ပြန်ပါတယ်။ ဒါကြောင့်ပထမပိုင်းအပြီးမှာ လီဗာပူးနဲ့ ရီးရဲမက်ဒရစ်တို့က နှစ်ဂိုးစီသရေကျသွားပါတယ်။

ဒုတိယပိုင်းမှာတော့ ရီးရဲမက်ဒရစ်အသင်းရဲ့ခြေစွမ်းက နောက်တစ်ဆင့်ကို မြင့်တက်သွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပွဲချိန် ၄၇ မိနစ်မှာ မီလီတိုက ရီးရဲအတွက် တတိယဂိုးကိုသွင်းခဲ့ပါတယ်။ လီဗာပူးခံစစ်က လူကပ်ထားခြင်းမခံရတဲ့ မီလီတိုက မိုဒရစ်ရဲ့ ဖရီးကစ်ကတစ်ဆင့် ခေါင်းတိုက်သွင်းသွားတာပဲ ဖြစ်ပါတယ်။
ပွဲချိန် ၅၅ မိနစ်မှာ ဘန်ဇီမာက ကန်သွင်းလိုက်တာဟာ လီဗာပူးခံစစ်မှူးဂိုးမက်ဇ်ကိုထိပြီး လမ်းကြောင်းပြောင်းသွားတာကြောင့်ဂိုးသမားအယ်လစ်ဆင်လည်း ခြေလှမ်းမှားပြီး ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးလိုက်ရပါတယ်။ အဖြူရောင်အသင်းက ဒုတိယပိုင်းပြန်စပြီး ၁၀ မိနစ်အတွင်းမှာပဲ လေးဂိုးရသွားခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ မိုဒရစ်နဲ့ ဗီနီးဆီးယပ်စ်တို့ အပေးအယူလုပ်ပြီး ဗီနီးဆီးယပ်စ်က ဖန်တီးပေးတဲ့ ဘောလုံးကို ဘန်ဇီမာက ဘယ်ခြေနဲ့ကန်သွင်းပြီး ရီးရဲမက်ဒရစ်က ၅ ဂိုးမြောက်ကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းက ပွဲအစကောင်းခဲ့ပေမယ့် ခံစစ်မကောင်းတာကြောင့် ပေးဆပ်မှု ကြီးမားခဲ့ရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပွဲအစမှာ ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ သုံးဂိုးပြတ် ရှုံးနိမ့်တဲ့ ပထမဆုံးအသင်းအဖြစ်လည်း လီဗာပူးက မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပွဲမတိုင်မီမှာလည်း လီဗာပူးက အိမ်ကွင်းအန်ဖီးမှာ လေးဂိုးသွင်းခံရတဲ့ ဥရောပပြိုင်ပွဲ ပွဲစဉ်တစ်ခုမှမရှိခဲ့ပါဘူး။

လီဗာပူးက ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ်ကို ၃-၁ နဲ့ရှုံးခဲ့ပါတယ်။ ဘေးလ်ရဲ့ နောက်ပြန်ကန်ချက်နဲ့ ဂိုးသမား ကားရီးယပ်စ်ရဲ့အမှားက အမှတ်တရဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ်မှာလည်း ရီးရဲမက်ဒရစ်ကို ၁-၀ နဲ့ရှုံးနိမ့်ပါတယ်။ အနိုင်ဂိုးသွင်းသွားတာက ဗီနီးဆီးယပ်စ်ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အန်ဖီးမှာ ရီးရဲကို စံချိန်တင်ပေးဂိုး ၅ ဂိုးအထိပေးရပြီး ရှုံးနိမ့်ခဲ့ရပြန်ပြီဖြစ်ပါတယ်။ လီဗာပူးက ရီးရဲမက်ဒရစ်နဲ့ နောက်ဆုံး ၆ ပွဲကစားရာမှာ ၅ ပွဲရှုံးပြီး တစ်ပွဲသရေကျခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
ကလော့ပ်ရဲ့အသင်းက လာမယ့်စနေနေ့မှာ ပဲလေ့စ်အသင်းကို အဝေးကွင်းပွဲစဉ်ရင်ဆိုင်ရမှာ ဖြစ်ပြီး ရီးရဲမက်ဒရစ်ကတော့ အိမ်ကွင်းမှာ မက်ဒရစ်ဒါဘီပွဲစဉ်အဖြစ် အေတီကို အသင်းကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
