မိုဟာမက်ဆာလားဟာ နယူးကာဆယ်နဲ့ ပွဲစဉ်အပြီးမှာ အာဖရိကဖလား ပြိုင်ပွဲ သွားရောက် ကစားရန် အတွက် အီဂျစ်အသင်းနဲ့ ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။ ဂျေမီကာရေဂါက ဟာဗေးအယ်လီယော့ နဲ့ ဆိုဘော့ဇ်လိုင်း တို့ကို အီဂျစ်စတားရဲ့ နေရာမှာ အစားထိုး ကစားခိုင်းလို့ ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။
ဆာလားဟာ မနေ့ညက နယူးကာဆယ်နဲ့ ပွဲစဉ်မှာ အကောင်းဆုံး ပုံစံကို ပြသခဲ့ပြီး ပထမပိုင်းမှာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့်လည်း ၂ ဂိုးသွင်းကာ ၁ ဂိုးဖန်တီးပေးခဲ့ပြီး ၎င်းရဲ့ အသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ၃ မှတ်အသာနဲ့ ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဆာလား အနေနဲ့ AFCON ရဲ့ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုပါက လီဗာပူး အတွက် ၈ ပွဲလောက် လွဲချော်သွားဖို့ ရှိနေပြီး ဒါဟာ တိုက်စစ်ပိုင်းမှာ ကလော့ အတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။
ကာရေဂါကတော့ ဘယ်ခြေသန် ကစားသမား ဖြစ်တဲ့ အယ်လီယော့ နဲ့ လိုက်ပ်ဇစ်မှာ ညာတောင်ပံ တိုက်စစ် ကစားဖူးခဲ့တဲ့ ဆိုဘော့ဇ်လိုင်း တို့ဟာ ဒီနေရာအတွက် Option ၂ ခု ဖြစ်တယ်လို့ tip ပေးလိုက်ပါတယ်။
ကာရေဂါက “ဆာလားရဲ့ နေရာမှာ ဘယ်သူ့ကိုထားကစားသွားမလဲ ဆိုတာ စိတ်၀င်စားစရာပါပဲ။ လီဗာပူးရဲ့ တိုက်စစ် ကစားသမား တော်တော်များများဟာ ညာခြေသန်တွေ ဖြစ်ပါတယ်။ ဂျိုတာ ဂတ်ပို နူးနက် တို့ဟာ ဘယ်ခြမ်း တိုက်စစ်မှာ ကစားနိုင်ကြသူတွေပါ။ ဒါပေမယ့် ဒီကစားသမားတွေဟာ ညာခြမ်း တိုက်စစ်မှာတော့ ကစားနိုင်ကြတဲ့ပုံ မရှိပါဘူး။
ကလော့ အတွက် ရွေးချယ်စရာ ၂ ခု ထဲက တစ်ခု ကတော့ အယ်လီယော့ ဖြစ်ပါတယ်။ သူဟာ ကွင်းလယ် ကစားသမားနဲ့ ပိုတူပါတယ်။ သူဟာ တိုက်စစ်ပိုင်းမှာ ကစားဖို့ အတွက် လုံလောက်တဲ့ ပြေးအား မရှိပါဘူး။ ဒါပေမယ့် သူ ဒီနေရာမှာ ကစားနိုင်ပါတယ်။
နောက်တစ်ယောက်က ဆိုဘော့ဇ်လိုင်း ဖြစ်ပါတယ်။ မက်အလစ္စတာလည်း ပြန်လာပြီ ဖြစ်တာကြောင့် လီဗာပူးဟာ အခုဆိုရင် ကွင်းလယ်ပိုင်း ရွေးချယ်စရာ များနေပါတယ်။ ဆိုဘော့ဇ်လိုင်းဟာ အသင်းဟောင်းမှာတုန်းက ဆာလားရဲ့ နေရာမှာ ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဆာလားရဲ့ ဂိုးတွေကိုတော့ အစားထိုးလို့ ရမှာ မဟုတ်ပါဘူး။ ဒါကတော့ တအားကို ခက်ခဲပါတယ်။” လို့ ဆိုလိုက်ပါတယ်။
အီဂျစ်ဟာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ မိုဇမ်ဘစ် နဲ့ အာဖရိကဖလား ပြိုင်ပွဲကို စတင်သွားမှာ ဖြစ်ပြီး အဲဒီနောက် ဇန်နဝါရီ ၁၈ နဲ့ ၂၂ မှာ ဂါနာ ကိတ်ဗာဒီ တို့နဲ့ အုပ်စုပွဲတွေ ကစားသွားရမှာပါ။ အီဂျစ်သာ နောက်တဆင့် တက်သွားမယ် ဆိုရင်တော့ ၁၆ သင်းအဆင့်ကို ဇန်နဝါရီ ၂၈ or ၂၉ မှာ ကစားသွားရမှာ ဖြစ်ပြီး ကွာတားဖိုင်နယ်တက်ခဲ့မယ်ဆိုရင် ဖေဖော်ဝါရီ ၂ or ၃ ရက်နေ့မှာ ကစားရမှာပါ။
AFCON ရဲ့ ဆီမီးဖိုင်နယ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဖိုင်နယ်ကိုတော့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကစားသွားမှာပါ။