မီဆွတ် အိုဇေးလ် နဲ့ နီးစပ်သူ တစ်ဦးရဲ့ပြောကြားချက်အရ ဂျာမန်သားဟာ အာဆင်နယ် အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းတွေကို မှတ်တမ်း ရုပ်ရှင် ရိုက်ကူးဖို့ နိုင်ငံတကာ ကုမ္ပဏီ တစ်ခု နဲ့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ The AFC Bell က ဖော်ပြ လိုက်ပါတယ် ။
အဆိုပါ documentary မှာ အိုဇေးလ် ဟာ သူ့ရဲ့အာဆင်နယ် ကစားသမားဘဝ နောက်ဆုံးနှစ်တွေ အကြောင်း ၊ သူ အသင်းက ထွက်ခွာရဖို့ ဖြစ်စေခဲ့တဲ့ ဖြစ်စဉ် အကြောင်းအရာတွေကို ထည့်သွင်း ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
၂၀၁၃ ခုနှစ်မှာ ရီးရဲလ် မက်ဒရစ် ကနေ အာဆင်နယ် အသင်းကို စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၄၂.၅ သန်းနဲ့ ရောက်ရှိ လာခဲ့တဲ့ အိုဇေးလ် ရဲ့ အာဆင်နယ် ကစားသမား ဘဝ ခုနှစ်နှစ်ကျော်ကာလဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အဆုံးသတ် သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်း နဲ့ မီဆွတ် အိုဇေးလ် တို့ဟာ ကျန်ရှိနေသေးတဲ့ စာချုပ် သက်တမ်း ခြောက်လကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိ သွားခဲ့ပြီးနောက် အိုဇေးလ် ဟာ ဖီနာဘာချီ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး ၊ သုံးနှစ်ခွဲစာချုပ် နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ ။
နည်းပြကြီး အာဆင်ဝင်းဂါး လက်အောက်မှာ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ အိုဇေးလ် ဟာ အာတီတာ လက်အောက်မှာ ကစားခွင့် ပျောက်ဆုံး နေခြင်းကြောင့် တူရကီ ကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပါတယ် ။
အခု အခါမှာတော့ အိုဇေးလ် က သူ အာဆင်နယ် ကနေ ထွက်ခွာ ခဲ့ရတဲ့ အကြောင်းအရင်းကို ရုပ်ရှင် ရိုက်ကူးတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေ အနေနဲ့ တိတိကျကျ ကြည့်ရှု သိရှိခွင့် ရတော့မှာ ဖြစ်ပါတယ် ။
အိုဇေးလ် ဟာ ၂၀၁၄ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ် အတွင်းမှာ အာဆင်နယ် အသင်း နဲ့ အတူ အက်ဖ်အေ ဖလား ၃ ကြိမ် ရယူ နိုင်ခဲ့ပြီး ပွဲပေါင်း ၂၅၄ ပွဲ ကစားထားကာ ၄၄ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၇၇ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပါတယ် ။
အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မီဆွတ် အိုဇေးလ် ဟာ သူ့ရဲ့ ဖီနာဘာချီ ကစားသမားဘဝ ပထမဆုံး ရာသီဝက်မှာလည်း ၁၁ ပွဲ ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒီရာသီမှာလည်း အိုဇေးလ် ဟာ ဖီနာဘာချီ အတွက် ၄ ပွဲ ကစား ၁ ဂိုးသွင်း ၁ ဂိုးဖန်တီး ပေးထားပါတယ် ။