အာဆင်နယ်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီက ဆွီဒင်သန်းကြွယ်သူဌေး ဒန်နီယဲလ်အက်ခ်သည် အာဆင်နယ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဒန်နီယဲလ်အက်ခ်သည် ယခုနှစ်အစောပိုင်းက အာဆင်နယ်အသင်းအား ပေါင် (၁.၈)ဘီလီယံဖြင့်ဝယ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး သူ၏ကြိုးပမ်းမှုအား လက်ရှိအသင်းပိုင်ရှင် စတန်ကရွန်ကီမိသားစုက ငြင်းဆန်ပယ်ချခဲ့သည်။
အာဆင်နယ်အသင်း အမာခံပရိသတ်တစ်ဦးဖြစ်သူ ဒန်နီယဲလ်အက်ခ်၏ ကြိုးပမ်းမှုကို အာဆင်နယ်အသင်း၏ ဂန္ထဝင်ကစားသမားများက ထောက်ခံအားပေးခဲ့ကြပြီး ယင်းထဲတွင် အွန်နရီမှာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က စပါးအသင်းအား (၃-၁)ဂိုးဖြင့်အနိုင်ရခဲ့သော မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် အွန်နရီသည် ဒန်နီယဲလ်အက်ခ်နှင့်အတူ အီမရိတ်စ်ကွင်းအတွင်း ပွဲကြည့်စင်တွင် အတူတကွအားပေးကြည့်ရှုခဲ့ကြသည်ကို တွေ့မြင်ရသည်။
တနင်္လာနေ့က ကစားခဲ့သော ခရစ္စတယ်ပဲလေ့စ် (၁-၁) ဘရိုက်တန်ပွဲအတွက် ရုပ်သံဘောလုံးဝေဖန်သူ ပြုလုပ်ခဲ့သော အွန်နရီက ဒန်နီယဲလ်အက်ခ်၏ ရည်မှန်းချက်များနှင့်ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။