ဝီလီယံဆာလီဘာက အာဆင်နယ်အသင်းဟာ မနေ့ည နယူးကာဆယ်ကို ရှုံးသွားပေမယ့် ပရီးမီးယားလိဂ်ဖလားလုပွဲမှာ ဆက်ရှိနေသေးတယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီအတွင်း ခြေစွမ်းကောင်းတွေပြသနိုင်ခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ် ၁၀ပွဲကစားပြီးချိန်မှာ ၅ပွဲသာ အနိုင်ရခဲ့ပါတယ်။
အာဆင်နယ်ဟာ မနေ့ညပွဲစဉ်အတွင်း ဂိုးပေါက်တည့်မှုတစ်ကြိမ်သာ ရှိခဲ့ပြီး နယူးကာဆယ်ခံစစ်ကို ဘာမှခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဆာလီဘာက “ကျွန်တော်တို့ ဒီညနိုင်ပွဲရချင်ခဲ့တဲ့အတွက် အားလုံးဝမ်းနည်းနေကြပါတယ်။
ကံမကောင်းစွာပဲ ကျွန်တော်တို့ နိုင်ပွဲရအောင် မကစားနိုင်ခဲ့သလို လိုချင်တဲ့အတိုင်းလည်း မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒီည ရှုံးပွဲနဲ့ ထိုက်တန်ပါတယ်။
ကျွန်တော်တို့ လိုချင်တဲ့အတိုင်း မကစားနိုင်ခဲ့သလို နယူးကာဆယ်ကလည်း ပိုကောင်းခဲ့ပါတယ်။ အဲ့ဒါက အဆင်ပြေပါတယ်။ လာမယ့်အပတ် ကျွန်တော်တို့ ပိုအာရုံစိုက်ပြီး ကစားရပါမယ်။
နယူးကာဆယ်ရဲ့သွင်းဂိုးက ဖြတ်တင်ဘောကောင်းကောင်းကနေ အဆုံးသတ်အားကောင်းကောင်းနဲ့ သွင်းယူသွားခဲ့တာဖြစ်ပေမယ့် ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ဒီနေ့ သူတို့ အစောကြီးဂိုးရသွားပြီး ကျွန်တော်တို့ ချေပဂိုးလိုက်မသွင်းနိုင်ခဲ့ပါဘူး။
ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်နိုင်ရပါမယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဒီလိုအချိန်မျိုးရှိခဲ့ပြီး ကျွန်တော်တို့ အတူတကွ ယုံကြည်မှုတွေ ပြန်ရဖို့ ကြိုးစားရပါမယ်။
အသင်းက ပြန်လာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည်ထားကြပါတယ်။”လို့ ပြောခဲ့ပါတယ်။