ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် လတ်တလော အသင်း၏ရလဒ်ဆိုးများကြောင့် နည်းပြဟောင်း အေဗရမ်ဂရန့်ကို ပြန်လည်ခေါ်ယူပြီး ချယ်လ်ဆီးအသင်းနည်းပြအဖွဲ့၌ ထည့်သွင်းရန် စဉ်းစားနေကြောင်း သိရှိရသည်။
အေဗရမ်ဂရန့်သည် ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုအား ချယ်လ်ဆီးအသင်းက နည်းပြရာထူးမှ ပထမအကြိမ်ထုတ်ပယ်ခဲ့စဉ် သူ၏နေရာ၌ အစားဝင်ကာ အသင်းကို ကိုင်တွယ်ခဲ့သူဖြစ်သည်။
ဂရန့်သည် ၂၀၀၇ စက်တင်ဘာလမှ ၂၀၀၈ မေလအထိ အသင်းကို (၈)လကြာ ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သည်။
အသက် (၆၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဂရန့်သည် ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယကလပ် NorthEast United အသင်းနှင့် လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူလည်း ဖြစ်သည်။
Sky Sports သတင်းဌာန၏ဖော်ပြချက်အရ အေဘရာမိုဗစ်ချ်သည် အတွေ့အကြုံရင့်နည်းပြ အေဗရမ်ဂရန့်အား လူငယ်နည်းပြအများစု ရှိနေသော ချယ်လ်ဆီးနည်းပြအဖွဲ့တွင် ပါဝင်စေလိုကြောင်း သိရသည်။