အာဆင်နယ် အသင်း နှင့် ချဲလ်ဆီး အသင်းတို့ဟာ မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁ နာရီ မိနစ် ၃၀ မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း နှင့် ချဲလ်ဆီး နှစ်သင်းစလုံး မှာ အသင်းဟောင်း ကို ပြန်လည် ရင်ဆိုင်ရမယ့် ကစားသမားတွေ ရှိနေပြီး အူဘာမီယန်း နှင့် ဂျော်ဂျင်ဟို တို့ပါ ။ ဂျော်ဂျင်ဟို ကတော့ အသင်းဟောင်း ချဲလ်ဆီး အသင်းကို ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပြီး အူဘာမီယန်း ကတော့ ပထမအကျော့မှာကတည်းက ရင်ဆိုင် ကစား ခဲ့ဖူးပါတယ် ။
နှစ်ဦးစလုံး ဟာ လက်ရှိ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ အဓိက ပွဲထွက် ကစားနေရသူတွေတော့ မဟုတ်ဘဲ လူစားဝင် ကစားသမား အဖြစ်သာ ကစားနေရသူတွေပါ ။ ဒါပေမယ့် အူဘာမီယန်း နှင့် ဂျော်ဂျင်ဟို တို့ နှစ်ဦးစလုံးဟာ အသင်းဟောင်းတွေ အပေါ် ကောင်းကောင်း အကျိုးပြုနိုင်ခဲ့ကြသူတွေ ဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ကြပါတယ် ။
နှစ်သင်း ထိပ်တိုက်တွေ့ဆုံမယ့် ပွဲမတိုင်မှီ နှစ်ဖက် အသင်း နည်းပြ အာတီတာ နှင့် လမ်းပတ် တို့ကတော့ အူဘာမီယန်း နှင့် ဂျော်ဂျင်ဟို တို့ဟာ ကျေးဇူးတင်ထိုက်တဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။ အာတီတာ က ” အူဘာမီယန်း ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ကြစို့ဗျာ ၊ သူ အသင်းအတွက် လုပ်ပေးခဲ့တာတွေအပေါ် ကျေးဇူး တင်ကြောင်းပေါ့ ။ ”
” သူက ကျနော်တို့ အသင်းအတွက် အံ့ဖွယ် ကစားသမား ဖြစ်ခဲ့သူပါ ၊ ဂိုးတွေ အများကြီးလည်း သွင်းပေး ခဲ့ပါတယ် ၊ အသင်း ခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ် ၊ ကျေးဇူးတင်ထိုက်တဲ့ ကစားသမားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ လမ်းပတ်ကလည်း ဂျော်ဂျင်ဟို နဲ့ ပတ်သက်ပြီး ” ကျနော် သူ့ကို သဘောကျပါတယ် ၊ သူက တကယ်ကောင်းတဲ့ ကစားသမား တစ်ဦးပါ ။ ”
” ချန်ပီယံလိဂ် ရတဲ့နှစ်က တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင် ကစားခဲ့သူပါ ၊ အဓိက နေရာကနေ ပါဝင်ခဲ့သူပါ ၊ အဝတ်လဲခန်း အတွင်းမှာလည်း အသင်းကို ဦးဆောင် မောင်းနှင် နိုင်စွမ်း ရှိတဲ့ ကစားသမားကောင်း တစ်ဦးပါ ၊ တခြား အသင်းတစ်သင်းကို ရောက်သွားပြီ ဖြစ်ပေမယ့်လည်း သူက အဲ့ဒီအသင်းအတွက် လူစာရင်းမှာ ရွေးချယ်လို့ ကောင်းတဲ့ ကစားသမား တစ်ဦးဆိုတာ သေချာပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။