အက်သလက်တီကိုအသင်းဥက္ကဋ္ဌ စီရီဇိုက ဘာစီလိုနာတိုက်စစ်ကစားသမား ဂရီးဇ်မန်းအား အသင်းသို့ ပြန်လာစေလိုသည်ဟု ပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် အက်သလက်တီကိုအသင်း တွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဘာစီလိုနာအသင်းသို့ စာချုပ်လျော်ကြေး ယူရိုသန်း (၁၂၀)ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။
ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ရနေပြီး ယခုရာသီကုန်တွင် ရောင်းချခံရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။
စီရီနိုက “ဂရီးဇ်မန်းလို ကစားသမားကို အသင်းတိုင်း လိုချင်ကြပါတယ်။ သူက ထူးခြားတဲ့ကစားသမားဖြစ်ပြီး အသင်းကို သူ ပြန်လာဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းက သူ့ကို ပြန်လည်ရောင်းချမယ်လို့ မထင်ပါဘူး”ဟုပြောကြားခဲ့သည်။