မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ရီယို ဖာဒီနန် က လက်ရှိ အသင်း ရဲ့ လူငယ် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ် ဆီမှာ ကာဗာနီ ရဲ့ နေရာကို ရယူ နိုင်စွမ်း ရှိတယ် ဆိုတဲ့ မာန်မာနမျိုး ရှိနေတယ်လို့ ခံစားမိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
အီဒင်ဆန် ကာဗာနီ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက PSG အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းမှ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ခဲ့တဲ့ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးပဲ ဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက်ဆီ ရောက်လာ ကတည်းက ပုံစံကောင်း တွေကို အလျင်းသင့်သလို ပြသ ထားနိုင်ခဲ့ ပါတယ် ။
အခြား တစ်ဖက် မှာတော့ မေဆွန် ဂရင်းဝုဒ်ဟာ အင်္ဂလန် လက်ရွေးစင် အသင်း နဲ့ အတူ ရှိနေ ခဲ့စဉ် တုန်းက အမှား ကျူးလွန် မိခဲ့တဲ့နောက် ဘောလုံး ရာသီ အသစ်မှာ အရင်လို ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ရပါတယ် ။ ဒါ့အပြင် သူဟာ ဒီ ရာသီ အတွင်း ဒဏ်ရာ ပြသနာ အနည်းငယ်လည်း ကြုံတွေ့ ခဲ့ရပါ သေးတယ် ။
ဒါ့ကြောင့် အီဒင်ဆန် ကာဗာနီ ပုံစံကောင်း ပြသမှု ၊ အထောင် တိုက်စစ် နေရာမှာ အန်သိုနီ မာရှယ်က ဦးစားပေး အဖြစ် ပုံမှန် ပွဲထွက်ခွင့် တွေကို ပိုင်ဆိုင် ထားခဲ့မှု တွေကြောင့် ဂရင်းဝုဒ် ဟာ ကစားလို နေခဲ့တဲ့ နံပါတ် 9 တိုက်စစ် ကစားသမား နေရာကို ပိုင်ဆိုင်ခွင့် အရမ်းပဲ နည်းပါး သွားခဲ့ရပါတယ် ။ ဒါ့အပြင် ပွဲကစားခွင့်လည်း နည်းပါး ခဲ့ရ ပါတယ် ။
အခုတော့ ယူနိုက်တက် ဂန္တဝင် ဖာဒီနန်က အကယ်ဒမီထွက် လူငယ် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ ဂရင်းဝုဒ် ကို အမွှမ်းတင် ချီးကျူး စကားတွေ ဆိုသွားခဲ့ လိုက်ပြီး နံပါတ် 9 တိုက်စစ် နေရာမှာ သူကစားတာကို မြင်တွေ့လိုကြောင်း သူ့ရဲ့ ဆန္ဒကိုပါ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” ကျွန်တော် အဲ့ဒီလို အခွင့်အရေးကို စောင့်ဆိုင်း နေခဲ့တာပါ ။ ကမ္ဘာ့ အနှံ့မှာ ရှိနေကြတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ် တွေလည်း ဒါကို စောင့်မျှော် နေကြ လိမ့်မယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ အရမ်းကို ပင်ကိုယ် ပါရမီ ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်နေလို့ ပါပဲ ”
” လူငယ် ကစားသမား တစ်ဦး အဖြစ်နဲ့ သူဟာ တောင်းဆိုမှု ၊ မျှော်လင့်ချက် ထားရှိမှု အများကြီး ခံခဲ့ရ ပါတယ် ။ ဒါပေမယ့် သူဟာ ပါရမီ ထူးကဲတဲ့ ကစားသမား တစ်ယောက်ပါ ။ သူဟာ ကွင်းထဲ ရောက်ရှိ သွားတဲ့ အခါ တွေမှာ မှန်ကန် ကောင်းမွန်တဲ့ ပုံစံတွေကို ပြသ လိမ့်မယ် ဆိုတဲ့ ခံစားချက် တွေကို ဖြစ်ပေါ် စေနိုင်ခဲ့ ပါတယ် ”
” နံပါတ် 9 တိုက်စစ်မှူး တစ်ဦး ဖြစ်လိုတဲ့ အားလျော်စွာ သူ့ရဲ့ စိတ်ပိုင်း ဆိုင်ရာမှာ မာန်မာန အနည်းငယ် ရှိနေ လိမ့်မယ်လို့ ကျွန်တော် တွေးထင်မိ ပါတယ် ။ ‘ ကျွန်တော်တို့ ကာဗာနီကို မလိုအပ်ဘူး ၊ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဒီမှာ ရှိနေတယ် ဆိုတဲ့ စိတ်ဓါတ်မျိုးပေါ့ဗျာ ။ ဒါကို ကျွန်တော် နှစ်သက်လှ ပါတယ် ”
” သူ့လို အရည်အသွေး ကောင်းတဲ့ ကစားသမား တစ်ယောက်ကို ပိုင်ဆိုင် ထားခဲ့မယ် ဆိုရင် သူဟာ လာမယ့် နှစ်တွေ အများကြီး အတွင်း အသင်းအတွက် အကျိုးပြု ပေးနိုင် လိမ့်မယ်လို့ ခံစားမိမှာ ပါပဲ ။ သူဟာ အခွင့်အရေး တွေကို အသုံးချရင်း ကျွန်တော် အမြဲတမ်း အဆင်သင့်ပဲ မန်နေဂျာရေ ဆိုတာကို ပြသဖို့ လိုအပ် နေပါတယ် ” လို့ ဖာဒီနန် က ပြောကြား သွားခဲ့လိုက် ပါတယ် ။
ဘယ်လိုပဲ ဖြစ်နေ ပါစေ ၊ လက်ရှိ ဘောလုံး ရာသီ အတွင်းမှာ မေဆွန် ဂရင်းဝုဒ်ဟာ ပုံစံကောင်း တွေကို ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ ရတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ သူ့ အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကလို သွင်းဂိုး ၊ ဖန်တီးမှု တွေကို လုပ်ဆောင် နိုင်ဖို့ အတွက် အတော်လေး ကြိုးစား ရပါ ဦးမယ် ။