ဒီနေ့ နံနက်မှာတော့ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ယူရို 2020 ပြိုင်ပွဲရဲ့ အုပ်စု ဒုတိယ ပွဲစဥ် အဖြစ် ခါးသီး ပြိုင်ဖက် စကော့တလန် အသင်းကို ဝင်ဘလေ ကွင်းထဲမှာ ဧည့်ခံ ကစားခဲ့ရပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပါတယ် ။
အဆိုပါရလဒ်ကြောင့် အင်္ဂလန်တို့ဟာ နှစ်ပွဲကစားအပြီး ရမှတ် 4 မှတ်သာ စုဆောင်း ထားနိုင်ခဲ့ကာ ချက် အသင်းနဲ့ ရမှတ်တူ ဂိုးကွာအဖြစ် အဆင့် 2 နေရာမှာ ရပ်တည် နေခဲ့ရပါတယ် ။ အင်္ဂလန်တို့ဟာ အုပ်စု နောက်ဆုံးပွဲမှာတော့ အမှတ်ပေး ဇယားကို ဦးဆောင်သူ ချက်နဲ့ ကစားရမှာပဲ ဖြစ်ပါတယ် ။
အဆိုပါ ပွဲစဥ်မှာတော့ အင်္ဂလန်တို့ရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပွဲချိန် 74 မိနစ်မှာ လူစားလဲခံခဲ့ရပါတယ် ။ ဒါဟာ သူ့အတွက်တော့ နှစ်ပွဲဆက် လူစားလဲခံရမှု ဖြစ်သွားခဲ့ရတဲ့ အတွက် စပါး တိုက်စစ်မှူး အတွက် စိတ်ပျက်စရာ ပွဲစဥ် တစ်ပွဲ ဖြစ်သွားခဲ့ရ ပါတယ် ။
အဆိုပါ ပွဲစဥ် အပြီးမှာတော့ ဟယ်ရီကိန်းက နောက်ဆုံး ပွဲစဥ်မှာ အကောင်းဆုံး လုပ်ပြနိုင်ရန် အသင့်ပြင်ထားဖို့ အသင်းဖော် တွေကို သတိပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။ ဒါ့အပြင် ဒီပွဲမှာ ပုံစံကောင်း ပြခဲ့ကြတဲ့ စကော့တလန် အသင်းကိုလည်း ချီးကျူး စကား ဆိုခဲ့လိုက် ပါတယ် ။
” စကော့တလန် နဲ့ ပတ်သက်လို့ မျှမျှတတ ပြောရမယ်ဆိုရင် သူတို့ဟာ ခံစစ် ကစားပုံ တကယ်ပဲ ကောင်းခဲ့ကြသလို အခွင့်အရေးတွေလည်း ဖန်တီး နိုင်ခဲ့ကြပါတယ် ။ သူတို့ဟာ မှန်ကန်တဲ့ အချိန်တွေမှာ ပိတ်ဆို့ တားစီးမှုတွေကို လုပ်ဆောင်နိုင်ခဲ့ကြ ပါတယ် ”
” ကျွန်တော်တို့လည်း အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ ဒါဟာ ဘောလုံး အားကစားပဲလေ ။ ဘယ်ပွဲမှ လွယ်ကူနေမှာ မဟုတ်ပါဘူး ။ ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် တစ်ခုတော့ မဟုတ်ခဲ့ရပါဘူး ”
” ကျွန်တော်တို့ အနေနဲ့ မိမိကိုယ်ကို နှိမ့်ချ ၊ အနားယူမှု တွေကို လုပ်ဆောင် ၊ လေ့ကျင့်ရေး တွေကို လုပ်ရင်းနဲ့ပဲ ရက်အနည်းငယ်မှာ ကစားရမယ့် နောက်တစ်ပွဲကို ရှေးရှု ကြရပါတော့မယ် ” လို့ ဟယ်ရီကိန်း က မှတ်ချက် ပေးခဲ့လိုက် ပါတယ် ။
အဲ့ဒီနောက် လူစားလဲခံရတဲ့ အကြောင်း အမေးခံလိုက်ရတဲ့ အခါမှာတော့ ဒါဟာ ပွဲစဥ်ရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ကြောင်း ၊ မန်နေဂျာက အသင်း အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်ကြောင်း ဟယ်ရီကိန်းက ပြန်လည် တုန့်ပြန်သွားခဲ့လိုက်ပါတယ် ။
” ကြည့် ၊ ဒါ ပွဲစဥ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ ။ မန်နေဂျာက အသင်း အတွက် အကောင်းဆုံး ဖြစ်နိုင်မယ်လို့ ထင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ ။ အကယ်လို့ ဒါဟာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ သူထင်မှတ်ထားခဲ့ရင် ကျွန်တော်တို့ ဒါကို နာခံရမှာပါပဲ ။ ဘောလုံး ဆိုတာ ဒီီလို ပါပဲ ” လို့ ကိန်းက ပြန်လည် တုန့်ပြန် သွားခဲ့လိုက်ပါတယ် ။