မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယခုရာသီအတွက် အရေးကြီးဆုံးဆုဖလားများ ထပ်မံရယူရန်အတွက် ကစားသမားများအား တိုက်တွန်းပြောကြားသည်။
မန်စီးတီးအသင်း အနေဖြင့် FA ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရသောကြောင့် ဖလား(၄)လုံးအိပ်မက် ပျက်ပြယ်သွားပြီဖြစ်သော်လည်း လိဂ်ဖလားချန်ပီယံဆုရရှိထားပြီးဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ လက်ကျန် (၅)ပွဲအလိုတွင် ဒုတိယနေရာမှ မန်ယူအသင်းအား (၁၀) မှတ် ဖြတ်၍ ဦးဆောင်ထားသည်။
ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်ရောက်ရှိနေပြီး ဗုဒ္ဓဟူးနေ့တွင် PSG အသင်းနှင့် အဝေးကွင်း သွားရောက်ကစားရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဂွါဒီယိုလာက ”ကျွန်တော်တို့ ချန်ပီယံလိဂ်ကို အလေးထားတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ ပွဲတိုင်းကို အလေးအနက်ထားပြီး ကျွန်တော်တို့ကစားပါတယ်။ မဟုတ်ရင် Carabao Cup မှာ လေးနှစ်ဆက်တိုက် ဗိုလ်စွဲဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။ အခု လောလောဆယ်တော့ ကျွန်တော်တို့အနားယူဖို့ လိုအပ်ပြီး PSG နဲ့ ဆီမီးဖိုင်နယ်အတွက် ပြင်ဆင်ရမှာပါ။ ပြီးသွားရင် ဒီရာသီအတွက် အရေးကြီးဆုံးဆုဖလားအတွက် နောက်ထပ်နိုင်ပွဲနှစ်ပွဲပဲရဖို့ လိုပါတော့တယ်။ ပရီးမီးယားလိဂ်ဆုဖလားက အကောင်းဆုံးပါပဲ။ အဲဒီဆုဖလားက ကျွန်တော် ဂုဏ်အယူရဆုံးတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်တော်လေး နီးစပ်နေပါပြီ။ ကျွန်တော်တို့အတွက် နိုင်ပွဲ(၂)ပွဲပဲ လိုပါတော့တယ်။ ဒီလိုပွဲစဉ်တွေကြားမှာ PSG နဲ့နှစ်ပွဲ ကစားရမှာပါ။ ပထမ ဆုံးပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကိုလည်း အနိုင်ကစားသွားမှာပါ”ဟု တိုက်တွန်းပြောကြားသည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းအား ၂၀၁၆ ခုနှစ် နွေရာသီတွင် စတင်ကိုင်တွယ်ခဲ့ပြီး ငါးရာသီအတွင်း ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ FA ဖလား တစ်ကြိမ်၊ လိဂ်ဖလား လေးကြိမ်၊ ကွန်မြူနတီဒိုင်း နှစ်ကြိမ် ရယူပေးထားသည်။
ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းအား (၄)နှစ်၊ ဘိုင်ယန်မြူးနစ်အသင်းအား (၃)နှစ်သာ ကိုင်တွယ်ဖူးရာ မန်စီးတီးအသင်းမှာ ၎င်းအတွက် နည်းပြသက်တမ်းတစ်လျှောက် ကာလအရှည်ကြာဆုံး ကိုင်တွယ်သည့်အသင်းဖြစ်ပြီး လက်ရှိစာချုပ်မှာလည်း ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသေးသည်။