ချယ်လ်ဆီးအသင်း၏ ဂိုးသမားဟောင်းတစ်ဦးဖြစ်သည့် မာ့ခ်ရှဝါဇာက အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့် မေဆန်မောင့်အား ရောင်းထုတ်ခြင်းမပြုဘဲ ထိန်းသိမ်းထားရန် ချယ်လ်ဆီးအသင်းကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
မာ့ခ်ရှဝါဇာ(၅၀ နှစ်)သည် ချယ်လ်ဆီးအသင်းနှင့် (၂)နှစ်ကြာလက်တွဲခဲ့ဖူးသည့် သြစတြေးလျဂိုးသမားဖြစ်ပြီး လက်ရှိအချိန်၌ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။
၎င်းက “မေဆန်မောင့်က ရောင်းထုတ်ရမယ့် ကစားသမားမဟုတ်ပါဘူး။ သူက ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားဘဝကနေ ဖြတ်သန်းလာခဲ့သူဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံး ဒီအသင်းမှာ ရှိနေခဲ့တာပါ။ ပရိသတ်တွေ ချစ်ခင်နှစ်သက်တဲ့ ကစားသမားဖြစ်ပြီး ထူးခြားတဲ့ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သူက ရောင်းမထုတ်ရမယ့် ကစားသမားဆိုတာ သေချာပါတယ်”ဟု ပြောကြားခဲ့သည်။

မေဆန်မောင့်(၂၄ နှစ်)သည် ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့သည့် ၂၀၂၀-၂၁ ရာသီနှင့် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတို့တွင် ချယ်လ်ဆီးအသင်း၏ အကောင်းဆုံးကစားသမားဆုကို (၂)နှစ်ဆက်တိုက်ရရှိသည်အထိ ခြေစွမ်းပြနိုင်ခဲ့သော်လည်း လက်ရှိရာသီတွင်မူ ရုန်းကန်နေရသည်။

ထို့ပြင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုမှာလည်း အဆင်မပြေသည့်အတွက် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းက မေဆန်မောင့်ကို တစ်ပတ်ပေါင်(၂၀၀၀၀၀)နှုန်းဖြင့် သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ၎င်းက ပယ်ချခဲ့ပြီး ပေါင် (၃၀၀၀၀၀) တောင်းဆိုထားသောကြောင့် ဆွေးနွေးမှုအဆင်မပြေခြင်းဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ သည်။

မေဆန်မောင့်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည့်အသင်းများထဲတွင် ပရီးမီးယားလိဂ်ပြိုင်ဘက်များထဲမှ လီဗာပူးလ်၊ မန်ယူနှင့် နယူးကာဆယ်တို့ ပါဝင်နေသလို၊ ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ် ရောက်ရှိနေသည့် ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်ကြောင်း သိရသည်။