လီဗာပူးလ်အသင်းအနေဖြင့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ လက်ကျန်ရက်တွင် နောက်ခံလူတစ်ဦးခေါ်ယူနိုင်ရန် ရှာဖွေမည်ဖြစ်သော်လည်း ပေါင်သန်း ၈၀ တန်ဖိုးရှိသည့် ကစားသမားတစ်ဦး ခေါ်ယူနိုင်ရန် မသေချာကြောင်း နည်းဖြစ်သူ ယာဂန်ကလော့ပ်က ဝန်ခံပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းတွင် အဓိကခံစစ် အတွင်းလူနှစ်ဦးဖြစ်သည့် ဗန်ဒိုက်နှင့် ဂျိုးဂိုးမက်ဇ်တို့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသလို မာတစ်မှာလည်း စပါးအသင်းနှင့်ပွဲတွင် ခြေချင်းဝတ် အရွတ်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေမှာ ပြင်းထန်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ခန့်မှန်းထားသည်။ ဇန်နဝါရီအပြောင်း အရွှေ့ကာလမှာ ဖေဖော်ဝါရီ ၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ရာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦး ခေါ်ယူနိုင်ရန် မသေချတာ့ောကြောင်း ကလော့ပ်က ဝန်ခံ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အနေနဲ့ စျေးကွက်ထဲမှာ တစ်ချိန်လုံး စောင့်ကြည့်နေပြီးတော့ အလုပ်များနေခဲ့တာပါ။ အရင်ကတည်းက ဒီလိုလုပ်ခဲ့တာဖြစ်ပြီး အခုလည်း အဲဒီလိုပဲ သေချာလုပ်နေပါတယ်။ တစ်စုံတစ်ခုဖြစ်လာမလား၊ ဖြစ်မလာဘူးလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ရေတိုကုစားမှု ဒါမှမဟုတ် ရေရှည်ဖြေရှင်းမှု ဘယ်ဟာကို လုပ်နိုင်မလဲဆိုတာ ကျွန်တော်မသိသေးပါ ဘူး။ ဒီလိုအချိန်မှာ ပေါင်သန်း ၈၀ တန် ခံစစ် အတွင်းလူတစ်ယောက် ခေါ်နိုင်မလားဆိုတာ ကျွန်တော်သေချာမပြောနိုင်ပါဘူး။ အဲဒီလို မဖြစ်နိုင်ဘူးဆိုတာလည်း ကျွန်တော်ကောင်း ကောင်းသိပါတယ်။ အဲဒီလောက် အရည်အသွေးမြင့်တဲ့ ကစားသမားတစ်ယောက်ကို ဒီအချိန်မှာ အသင်းတွေက ရောင်းမလားဆို တာလည်း သေချာမပြောနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အသင်းအတွက် သင့်တော်မယ့်သူကိုရှာဖွေဖို့ လိုတယ်ဆိုတာ သေချာပါတယ်။ အဲဒီသူက ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ကိုက်ညီဖို့လည်း လိုပါတယ်” ဟု ၎င်းက ဆိုသည်။
မာတစ်၏ Scan စစ်ဆေးမှုရလဒ်ကို အတိအကျမသိရသေးဘဲ စောင့်ဆိုင်းနေရသလို ခံစစ်အတွင်းလူနေရာတွင် ကစားနေသည့် ကွင်းလယ်လူ ဖာဘင်ညိုမှာလည်း အသေးစားကြွက်သားဒဏ်ရာကြောင့် ယနေ့ ကစားမည့် ဝက်စ်ဟမ်းအသင်း နှင့်ပွဲကို ထပ်မံလွဲချော်မည်ဖြစ်သည်။ ထို့ပြင် ဒူးဒဏ်ရာကြောင့် နိုဝင်ဘာကတည်းက အနားယူနေရသည့် ဂျိုးဂိုးမက်ဇ်ကို အမြန်ဆုံး ပြန်ကစားစေချင်သော်လည်း ယခုရာသီတွင် ပြန်လည်ကစားနိုင်ရန် မမျှော်လင့်ထားကြောင်း ယာဂန်ကလော့ပ်က အတည်ပြုပြောကြားခဲ့သည်။