ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း စံချိန်တင် ငွေကြေး သုံးစွဲမှုတွေနဲ့ အတူ ကစားသမား အမြောက်အမြား ခေါ်ယူထားပြီး ဖြစ်လို့ လာမယ့် စျေးကွက်တွေမှာ ချင့်ချိန်ကာ ၊ ကစားသမားသစ် ဖြည့်တင်းဖို့ လိုနေပါတယ် ။
မကြာခင် ဖွင့်လှစ်တော့မယ့် ဆောင်းရာသီ စျေးကွက်မှာတော့ ချဲလ်ဆီးဟာ ဖူလ်ဟမ် ကွင်းလယ်လူ ဂျိုဝေါင် ပယ်လင်ညာကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း သတင်း ကျယ်ကျယ်ပြန်ပြန့် ထွက်ပေါ်နေပါတယ် ။
ယင်းပေါ်တူဂီလက်ရွေးစင်ကို ခေါ်ယူဖို့ ခြင်္သေ့ပြာတို့ဟာ လက်ရှိ ဒုအသင်းခေါင်းဆောင် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါနဲ့ တည့်လဲလှယ်ဖွယ် ရှိတယ်လို့လည်း ယူဆချက်တွေ ထွက်နေပါတယ် ။
ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ဂေါ်လဂါရဲ့ အနာဂတ်ဟာ သူ့အပေါ်မှာ မမူတည်နေတာကြောင့် ကလပ်နဲ့ ကစားသမား အကြား သဘောတူညီမှု တရပ် ရခဲ့ရင် အပြောင်းအရွှေ့ ဖြစ်သွားနိုင်ကြောင်း အခုလိုပဲ အရိပ်အမြွက် ဖွင့်ဟလာပါတယ် ။
ပိုချက်တီနို က ” ဒါက ကလပ်နဲ့ ကစားသမား အကြားက ကိစ္စရပ်ပါ ။ ဒီအကြောင်း ကျွန်တော့ အနေနဲ့ အများကြီး ပြောဖို့ မလိုပါဘူး ။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော့ရဲ့ ဆုံးဖြတ်ချက် မဟုတ်လို့ပါ ။ သူဟာ ကျွန်တော်တို့ အသင်းရဲ့ ဒီရာသီ ပွဲအားလုံးနီးနီးကို ပွဲထွက် ကစားခဲ့တာပါ ။ ”
” နောက်ပြီး သူဟာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ် ။ ကျွန်တော့ အတွက်တော့ သူဟာ ဒီကလပ် အနေနဲ့ ပိုင်ဆိုင်ဖို့ လိုတဲ့ ကစားသမား တယောက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုချက်တီနိုက ဇန်နဝါရီ စျေးကွက် အတွင်း ကစားသမားသစ် ဖြည့်တင်းနိုင်ခြေ အကြောင်း အခုလိုပဲ ဆွေးနွေးလာပါတယ် ။
ပိုချက်တီနို က ” ရှေ့ဆက်တိုးတက်နေဖို့ပဲ လုပ်ရမှာပါ ။ ကျွန်တော်တို့ဟာ ဒီအကြောင်းကို ၄ ၊ ၅လကြာ ၊ ၁၆ပွဲကြာလာတဲ့အထိ ပြောနေကြတုန်းပါပဲ ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ရင် ၊ အထူးသဖြင့် ကျွန်တော်တို့ ရခဲ့တဲ့ အခွင့်အရေး ပမာဏနဲ့ ယှဉ်ကြည့်ရင်ပေါ့ ။ ကျွန်တော်တို့ အနေနဲ့ နိုင်ပွဲ ရချင်ရင် ဂိုးတွေ သွင်းနိုင်ရပါမယ် ။ ”
” ကျွန်တော်တို့ဟာ အမှတ်ပေးဇယားရဲ့ မတူညီတဲ့ နေရာ တခုမှာ ရပ်တည်ချင်တာပါ ။ အဲဗာတန်လို အရမ်းခက်ခဲတဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲမှာတောင် အသင်းရဲ့ ကစားပုံက ကောင်းခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ သူတို့ထက် ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ခင်ဗျား ဂိုးသွင်းဖို့တော့ လိုမှာပါ ။ ”
” ဘောလုံးရာသီ တဝက်ကုန်သွားရင်တော့ ဒီအကြောင်း ကျွန်တော်တို့ စစ်ဆေးဖို့ လိုပါတယ် ။ ဒါက အမှန်တရားပါပဲ ။ အကယ်၍ ကျွန်တော်တို့ဟာ ဒါတွေကို လုံလုံလောက်လောက် လက်မခံနိုင်ဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ အရွေ့ တခုခု လုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ် ။ ”
” ဒါက အားကစားဒါရိုက်တာတွေ သုံးသပ်စစ်ဆေးရမယ့် အရာ တခုပါပဲ ။ ဘောလုံးရာသီ ဒုတိယတဝက်မှာ ကျွန်တော်တို့ မတူညီတဲ့ အပြောင်းအလဲ တခုခု စမ်းကြည့်ရင် စမ်းရမှာပါ ။ ကျွန်တော်တို့ အနေနဲ့ မာမာထန်ထန် ရှိဖို့ လိုပါတယ် ။ နောက်ပြီး စျေးကွက် ပြန်ဖွင့်တဲ့အခါ ဒါက ကြီးမားတဲ့ စစ်ဆေးမှု တရပ် ဖြစ်လာမှာပါ ။ ”
” ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ ။ နောက်ထပ် ကစားသမား အရောင်းအဝယ်တွေ ထပ်လုပ်ဖို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ အသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိမှသာ ကစားသမားသစ် ခေါ်ဖို့ သင့်မသင့် ဆုံးဖြတ်ရမှာပါ ။ ကျွန်တော်တို့မှာ တခုခု လိုနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။