မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ဒါးရင်း ဖလက်ချာဟာ ကစားသမား ဘဝ တုန်းက ပွဲထွက်ခွင့် တစ်နေရာ ရရှိ နိုင်ဖို့ အတွက် ရွိုင်ကိန်း ၊ ပေါလ် စခိုးလ် ၊ မိုက်ကယ် ကာရစ် တို့နဲ့ အတူ တိုက်ပွဲဝင်ခဲ့ရသူ တစ်ဦး ပွဲထွက်ခွင့် တန်ဖိုးကို ကောင်းကောင်း နားလည်သူ တစ်ဦးပဲ ဖြစ်ခဲ့ရ ပါတယ် ။
အခြား တစ်ဖက် မှာတော့ ပြီးခဲ့တဲ့ နွေတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင်သန်း 40 နဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ်ဟာ အသင်းမှာ ပွဲထွက်ခွင့် တစ်နေရာ ရရှိဖို့အတွက် ဆက်တိုက် ဆိုသလို ရုန်းကန် နေခဲ့ရ ပါတယ် ။
အခုလို ဖြစ်ရတဲ့ အကြောင်းအရင်း ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်း ပွဲထွက်ခွင့် နေရာ အတွက် ဘရူနို ဖာနန်ဒက်စ် ၊ ပေါလ် ပေါ့ဂ်ဘာ ၊ နီမန်ဂျာ မာတစ် ၊ ဖရက်ဒ် ၊ မက် တော်မီနေး တို့က အဓိက အဖြစ် တိုက်ပွဲဝင် နေကြခဲ့လို့ပဲ ဖြစ်ပါတယ် ။ အထူးသဖြင့် ကွင်းလယ် တိုက်စစ် နေရာ အတွက် ဘရူနို နဲ့ ပေါ့ဂ်ဘာ တို့က ဦးစားပေး ရွေးချယ် ခံနေခဲ့ရ ပါတယ် ။
ဒွန်နီ ဗန်ဒီ ဘိခ် ဆိုတာ 2019 ခုနှစ် တုန်းက အေဂျက်ဇ် အသင်းကို ချန်ပီယံလိဂ် ဖလား ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် အဆင့်ထိ တက်ရောက် စေရေးမှာ အဓိက အရေးပါသူ တစ်ဦး ဖြစ်ခဲ့ဖူးပါတယ် ။ ဒါ့အပြင် သူဟာ နယ်သာလန် လက်ရွေးစင် အသင်းမှာလည် ပုံမှန် ပွဲထွက်ခွင့် ပိုင်ဆိုင် ထားသူ တစ်ဦးပဲ ဖြစ်ပါတယ် ။
ဒါ့ကြောင့် နယ်သာလန် နိုင်ငံသား တွေက သူတို့ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူကို အထုပ်ပိုက်ပြီး ပြန်လာဖို့ ၊ အသင်းပြောင်းဖို့ တစ်ဦးပြီး တစ်ဦး တိုက်တွန်းခဲ့ကြ ပါတယ် ။ အခုတော့ ဒါးရင်း ဖလက်ချာက သူ့ရဲ့ အတွေ့အကြုံကို အခြေခံပြီး ဝေဖန်မှု ပြုလုပ်သူတွေကို ပြန်လည် တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။
” ဒီလို အသက်အရွယ် နဲ့ ဒီလို စကေး ပိုင်ဆိုင်သူ ၊ ဒီလောက် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူလို့ ရနိုင်တဲ့ ကစားသမား တစ်ဦးကို ခေါ်ယူပြီး ပွဲထွက်ခွင့် ပေးဖို့ ဆိုတာ နှစ်ခါပြန် စဉ်းစားစရာ မလိုတဲ့ အရာ တစ်ခုပါ ။ သူဟာ ဘယ်လို အရည်အသွေး တွေကို ပိုင်ဆိုင် ထားသလဲ ဆိုတာ ကျွန်တော်တို့ သိကြ ပါတယ် ”
” သူဟာ 2018 – 19 ဘောလုံး ရာသီတုန်းက အေဂျက်ဇ် အသင်းကို ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်အောင် ကူညီ ပေးနိုင် ခဲ့တာကို ကျွန်တော် မြင်တွေ့ခဲ့ရ ပါတယ် ။ အဲ့ဒီ တုန်းက သူဟာ အေဂျက်ဇ် အသင်း အတွက် အရမ်းကို အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့ ပါတယ် ”
” သူနဲ့ ပတ်သက်လို့ ကျွန်တော် အကြိုက်ဆုံးက ကွင်းလယ်မှာ နေရာ အစုံ ကစားပေးနိုင်စွမ်း ရှိနေခြင်း ပါပဲ ။ နံပါတ် 10 ကွင်းလယ် ကစားသမား တစ်ဦးလို ကစား နိုင်ဖို့ အတွက် ဘာလိုအပ် သလဲ ဆိုတာကို သူကောင်းကောင်း သိသလို box to box ကစားသမား တစ်ဦး ဖြစ်နိုင်ဖို့ ဘာလိုအပ်သလဲ ဆိုတာလည်း သူ ကောင်းကောင်း သိပါတယ် ”
” သူဟာ အေဂျက်ဇ် အသင်းမှာ ပြသခဲ့တဲ့ အရည်အသွေးတွေ အားလုံးကို အသင်းဆီ ယူဆောင် လာနိုင်ခဲ့ပါတယ် ။ သူက အသင်းရဲ့ ကစားကွက်ထဲမှာ အံဝင် နိုင်မယ့် အရည်အသွေးကောင်း တွေကို ပိုင်ဆိုင်ထား ပါတယ် ” လို့ ဖလက်ချာ က ကနဦး ချီးကျူး သွားခဲ့ပြီး ဝေဖန်သူတွေ နဲ့ ပတ်သက်လို့ …
” အသင်းမှာ အင်အား တောင့်တင်းဖို့ အမှန်တကယ် လိုအပ်လှ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလို ခက်ခဲလွန်းတဲ့ ဘောလုံး ရာသီထဲမှာ ပွဲစဉ်တွေ ဆက်တိုက် ကစားရမှု ၊ ဒဏ်ရာ ပြသနာ တွေကို ကြုံတွေ့ရမှာ အသေအချာ ပါပဲ ။ ဒီလို အနေအထား တစ်ရပ်မှာ အသင်းဟာ တောင့်တင်း နေဖို့ လိုအပ်လှ ပါတယ် ”
” ကျွန်တော် ယူနိုက်တက် အတွက် ကစားခဲ့စဉ် တုန်းက အသင်းမှာ ပုံမှန် ကစားပေး နိုင်စွမ်း ရှိတဲ့ ကွင်းလယ်လူ 5 ၊ 6 ၊ 7 ဦး အထိ အမြဲလို ရှိခဲ့ကြပါတယ် ။ အဲ့ဒီလူတွေက ကွင်းလယ်လူ 2 ၊ 3 နေရာစာ အတွက် အထူး တိုက်ပွဲဝင် ခဲ့ကြရ ပါတယ် ။ တစ်ခါတလေကျတော့ ခင်ဗျားဟာ ဂျာစီ ဝတ်ဆင်ခွင့် ရရှိသူ ဖြစ်ခွင့် ပိုင်ဆိုင် ခဲ့ရ ပါတယ် ”
” ပုံစံကောင်း ပိုင်ဆိုင်ထားတဲ့သူ ကတော့ ပုံမှန် ပွဲထွက်ခွင့် ရရှိခဲ့ကြ ပါတယ် ။ တစ်ခါတလေ ကျတော့ ခင်ဗျားဟာ အရံခုံ ပေါ်က တစ်ဆင့် ပွဲကြည့်ခွင့် ရသူ ဖြစ်ခဲ့ရ ပါတယ် ။ ဒါဟာ ကျွန်တော်တို့ အောင်မြင်မှုတွေ ရှာဖွေ နိုင်ခဲ့တဲ့ နည်းလမ်း တစ်ခု ပါပဲ ။ ထိပ်တန်း အသင်းတိုင်းမှာ ဒီလို လူစာရင်း ရှိနေသင့် ပါတယ် ”
” ဒီလို အနေအထားမှာ ခင်ဗျား အနေနဲ့ ပွဲထွက်ခွင့် ရရှိနိုင်ဖို့ အတွက် အသင်းဖော် အချင်းချင်း အမြဲတမ်း တွန်းအားပေး နိုင်အောင် ကြိုးစားရ ပါ့မယ် ။ ခင်ဗျား အနေနဲ့ ပွဲထွက်ခွင့် အလိုအလျောက် ရနိုင်မယ်လို့ တွေးလို့ မရနိုင် ပါဘူး ။ ဗန်ဒီ ဘိခ်လို ကစားသမား အသင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန် စေသလို အသင်းကိုလည်း ပိုမို တောင့်တင်း စေပါတယ် ” လို့ ဖလက်ချာ က တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။