ယူကရိန်းနည်းပြ ရှက်ဗ်ချင်ကိုက ယူရို-၂၀၂၀ ကွာတားဖိုင်နယ်တွင် တွေ့ဆုံမည့် အင်္ဂလန်အသင်းကို မကြောက်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ရှုံးထွက် (၁၆)သင်းအဆင့်တွင် ဆွီဒင်အသင်းကို အချိန်ပိုတွင် (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့် ယူကရိန်းအသင်းသည် ယူရိုပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ယူကရိန်းအသင်းသည် ကွာတားဖိုင်နယ်တွင် နာမည်ကြီး အင်္ဂလန်အသင်းနှင့်တွေ့ဆုံနေ ပြီး ဇူလိုင်(၃)ရက်တွင် ကစားရမည် ဖြစ်သည်။
ရှက်ဗ်ချင်ကိုက ”အင်္ဂလန်အသင်းက ကြီးကျယ်ခမ်းနားတဲ့အသင်းပါ။ သူတို့နဲ့ကစားမယ့်ပွဲက ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အင်္ဂလန်အသင်းကို ဂိုးသွင်းဖို့ အရမ်းခက်ခဲမှာဖြစ်ပေမဲ့ သူတို့ကို မကြောက်ပါဘူး။ ဘောလုံးမှာရော၊ ဘဝမှာပါ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ပရိသတ်တွေပျော်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားမှာပါ”ဟု ဆိုခဲ့သည်။