ဘယ်လာရင် ရဲ့ အေးဂျင့် ဖြစ်သူက ရီးရဲလ် ဘက်တစ် အသင်းသာ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရပါက စပိန်သားကို အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။
စပိန် နောက်ခံလူ ဟက်တာ ဘယ်လာရင် ဟာ အသက် ၁၆ နှစ် အရွယ်မှာပဲ ဘာစီလိုနာ အသင်း ရဲ့ လာမာစီယာ အကယ်ဒမီ ကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာသူ ဖြစ်ပြီး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို အမ်းမရိတ်မှာပဲ ဖြတ်သန်း ခဲ့သူပါ ။
ဘယ်လာရင် ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အာဆင်နယ် အသင်းရဲ့ အဓိက ညာနောက်ခံလူ ဖြစ်လာခဲ့သူ ဖြစ်ပြီး အာဆင်ဝင်းဂါး လက်ထက်မှာ လက်ရှိ နည်းပြ အာတီတာ နဲ့ အတူ အက်ဖ်အေဖလား နှစ်လုံး ကိုင်မြှောက် နိုင်ခဲ့သူ ဖြစ်ပါတယ် ။

ဒါပေမယ့် ဘယ်လာရင် ဟာ ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး ပြန်ကစားနိုင်ချိန်မှာလည်း အရင်ကလို ခြေစွမ်းကောင်း ပြသ နိုင်ခြင်း မရှိတော့ပါဘူး ။ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာတော့ အာတီတာ ဟာ ဘယ်လာရင်ကို ပွဲထွက် လူစာရင်းကနေ ဖယ်ထုတ် ခဲ့ပါတယ် ။
ဒါကြောင့် ဘယ်လာရင် ဟာ ဒီနွေရာသီမှာ အာဆင်နယ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ် အသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။
ဘယ်လာရင် ရဲ့ အေးဂျင့်ဖြစ်သူ Botines က Goal နဲ့ အင်တာဗျူးမှာ ” ဘယ်လာရင် တစ်ယောက် ဘက်တစ်ကို အပြီးသတ် ပြောင်းရွှေ့ဖို့ ဆိုတာ ဖြစ်နိုင်ချေ ရှိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူ ဘက်တစ်မှာ ပျော်နေလို့ပါ ။ “
” ဒါပေမယ့် တခြားအရာတွေ အပေါ်လည်း မူတည် နေပါသေးတယ် ၊ အထူးသဖြင့် သူတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရ မရ အပေါ် မူတည် နေပါတယ် ၊ အကယ်၍ ချန်ပီယံလိဂ် ဝင်ခွင့်သာ ရရင် သူတို့ ဘယ်လာရင် ကို အပြီးသတ် ခေါ်ဖို့ ပိုက်ဆံ အလုံအလောက် ရှိလာပါလိမ့်မယ် ။ “

” အခု အချိန်မှာတော့ ကျွန်တော်တို့ လာမယ့်နှစ် နွေရာသီအကြောင်း မစဉ်းစားထားသေးပါဘူး ၊ ဘယ်လာရင် က တစ်နေ့ချင်းစီ အာရုံစိုက် လေ့ကျင့်နေပါတယ် ၊ သူ ဒီမှာ ပျော်နေပါတယ် ၊ နောက်ထပ် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ကိုပဲ အာရုံ စိုက်နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ဘယ်လာရင် ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက El Desmarque နဲ့ အင်တာဗျူးမှာ အာဆင်နယ် ကို ပြန်လာဖို့ အစီအစဉ်မရှိကြောင်း အရိပ်အမြွက် ပြောကြား ခဲ့ပါတယ် ။ ” ကျွန်တော် အမြဲ ပြောနေကြ စကား ရှိပါတယ် ၊ ဒီအသင်းမှာ နောက်တစ်ရာသီ ဆက်မကစားဖို့ ဆန္ဒ မရှိရင် ဒီအသင်းကို အစောကတည်းက လာမှာ မဟုတ်ဘူး ဆိုတာပါ ။ “
” ဆုံးဖြတ်ရမယ့် အရာတွေတော့ အများကြီး ရှိနေပါသေးတယ် ၊ ဒါပေမယ့် အခု အချိန်မှာ ဒီအသင်း နဲ့ အတူ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်း နိုင်ရေးကိုပဲ အာရုံ စိုက်ထားပါတယ် ၊ ဖြစ်ချိန်တန်ရင် ဖြစ်လာပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။