လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဆီမြွန်နီ၏ ဦးဆောင်မှုအောက်မှ အက်သလက်တီကိုအသင်း၏ကစားဟန်ကို သဘောမကျသော်လည်း ဆီမြွန်နီ၏ အစွမ်းအစကိုမူ လေးစားသည်ဟု ပြောကြာခဲ့သည်။
အက်သလက်တီကိုနှင့် လီဗာပူးလ်အသင်းတို့သည် ယခုတစ်ပတ်ချန်ပီယံလိဂ်ပွဲစဉ်တွင် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး ၂၀၁၉-၂၀ ရာသီက နောက်ဆုံးဆုံတွေ့မှုတွင် အက်သလက်တီကိုအသင်းက လီဗာပူးလ်ကို ရှုံးထွက် (၁၆)သင်းအဆင့်၌ ဖြုတ်ချနိုင်ခဲ့သည်။
ယင်းအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က ”ဆီမြွန်နီက မှန်ကန်တာတွေကို လုပ်ဆောင်နေတဲ့သူပါ။ သူက လက်ရှိစပိန်ချန်ပီယံဖြစ်သလို၊ အက်သလက်တီကိုအသင်းမှာ အလွန်အောင်မြင်နေသူဖြစ်ပါတယ်။ သူ့မှာ ကမ္ဘာ့အဆင့်ကစားသမားအစုအဖွဲ့ ရှိနေပြီး သူတို့ကို တိုက်ပွဲဝင်လိုစိတ်ရှိအောင်လည်း လှုံံ့ဆော်ပေးထားနိုင်ပါတယ်။ ဒါဟာ သူ့ရဲ့အရည်အသွေးတွေပါပဲ။ သူ့ရဲ့ကစားဟန်ကိုတော့ ကျွန်တော် သဘောမကျပါဘူး။ နည်းပြတိုင်းက ကွဲပြားခြားနားတဲ့ပုံစံတွေ ရှိကြပြီး ဆီမြွန်နီက ရလဒ်ကောင်းတွေ ရယူနိုင်တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိအခြေအနေကတော့ သူတို့မှာ ကစားသမားတွေရော ကစားပုံပါ ပြောင်းလဲနေတာကြောင့် ခြားနားတဲ့ သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။ ဒါပေမဲ့ အားနည်း သွားမှာတော့ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်း၏ကစားဟန်နှင့်ပတ်သက်၍ ယာဂန်ကလော့ပ်၏ဝေဖန်မှုကို မည်ကဲ့သို့ တုံ့ပြန်လိုသလဲဟု ဆီမြွန်နီအား မေးမြန်းခဲ့ရာတွင်မူ ၎င်းက ”Nothing”ဟု သာ ပြန်ဖြေခဲ့ကြောင်း သိရသည်။
သို့သော် ချန်ပီယံလိဂ်တွင် ရင်ဆိုင်ရမည့်အခြေအနေနှင့် ပတ်သက်၍မူ လီဗာပူးလ်ထက် မိမိတို့ကို အခက်တွေ့အောင်လုပ်နိုင်မည့်အသင်း မရှိနိုင်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ”လီဗာပူးလ်အသင်းက ကစားသမားအားလုံးကို ဂရုစိုက်ထားပေမဲ့ ဆာလာကတော့ အားလုံးထက်ထူးခြားတဲ့ ကစားသမားပါ။ သူက လီဗာပူးလ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ အမြင့်ဆုံးခြေစွမ်းအဆင့်အတန်းနဲ့ ကစားနေသူပါ”ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဆီမြွန်နီက ချီးကျူးပြောကြားခဲ့သည်။