ပြီးခဲ့တဲ့ ရာသီတုန်းက မန်စီးတီးကိုအနိုင်ရရှိကာ ရရှိခဲ့တဲ့ အက်ဖ်အေဖလား ဆုတံဆိပ်ကို ကက်စ်မဲရိုးက သူ့ကို ပေးခဲ့ကြောင်း ယူနိုက်တက် ကစားသမား မာလာစီယာက ပြောကြားလိုက်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ပေါင် ၁၅ သန်းဖြင့် ဖီယင်နုမှ ယူနိုက်တက်သို့ရောက်လာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ခံစစ်မှူးဟာ ၂၀၂၃ ခုနှစ်နွေရာသီမှာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးကတည်းက ပရီးမီးယားလိဂ်ပွဲစဉ်ကို မကစားခဲ့ရတာဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်လာသက်သာဖို့ လုပ်ဆောင်နေရတာကြောင့် ပြီးခဲ့တဲ့ရာသီမှာ မမြင်ခဲ့ရသော်လည်း မေလက ဝင်ဘာလေမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆုပေးပွဲမှာတော့ သူ့ကိုတွေ့ခဲ့ရပါတယ်။
အဲ့ဒီပွဲစဉ်မှာတုန်းက ယူနိုက်တက်ဟာ ဂွါဒီယိုလာရဲ့ မန်စီးတီးကို လူငယ်ကစားသမားတွေဖြစ်တဲ့ မိုင်နူးနှင့် ဂါနာချိုတို့ရဲ့ဂိုးများဖြင့် အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုလုံးမှာ မကစားနိုင်ခဲ့တာကြောင့် မာလာစီယာဟာ အဆိုပါညမှာ ဆုတံဆိပ်မရခဲ့ပါဘူး။ သို့သော်လည်း ကက်စ်မဲရိုးက သူရရှိခဲ့တဲ့ ဆုတံဆိပ်အားပေးအပ်ကာ အသင်းဖော်တွေနဲ့အတူ ကွင်းအတွင်း အောင်ပွဲခံဖို့အတွက် အတင်းပြောကြားခဲ့ပါတယ်လို့ နယ်သာလန်းသားက ပြောကြားလိုက်ပါတယ်။
The Athletic သို့ မာလာစီယာက “ကျွန်တော်က အသင်းဖော်တွေကို အားပေးဖို့ အဲ့ဒီကိုလာခဲ့တာပါ ဒါပေမဲ့ ဆုဖလားအောင်ပွဲခံမှုမှာ ပါဝင်ဖို့ ကျွန်တော့်အတွက်က ခက်ခဲပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်က အသင်းအတွက် တစ်ပွဲမှ မကစားပေးခဲ့ရလို့ပါ”
“ကျွန်တော်ဟာ ထိုင်နေခဲ့ပြီး အသင်းဖော်တွေ အောင်ပွဲခံတာကို ကြည့်နေခဲ့ပါတယ်။ အဝတ်လဲခန်းမှာ သူ့ကိုတွေ့တော့ ကက်စ်မဲရိုးက မင်းလဲအောင်ပွဲခံရမယ်လို့ ပြောခဲ့ပါတယ်”
“မင်းက အသင်းထဲမှာ ရှိနေတုန်းပဲလေလို့ အသင်းသားတွေကလည်းပြောခဲ့ပါတယ်။ ကျွန်တော်ဟာ တစ်ရာသီလုံး အဝတ်လဲခန်းထဲမှာသာရှိခဲ့ပြီး အားလုံးကိုတွေ့မြင်ခဲ့ရပါတယ်။ အသင်းနဲ့အတူ ပူးပေါင်းနိုင်ဖို့ ကျွန်တော်က နေ့တိုင်း ဘယ်လိုကြိုးစားနေသလဲဆိုတာ သူတို့တွေအားလုံးသိပါတယ်။ တို့တွေ အောင်ပွဲခံသလိုပဲ မင်းလည်း အောင်ပွဲခံဖို့ ထိုက်တန်တယ်လို့ သူတို့တွေက ပြောခဲ့ပါတယ်” လို့ ပြောပါတယ်။
ကက်စ်မဲရိုးက သူ့ရဲ့ဆုတံဆိပ်က ပေးခဲ့တယ်လို့ မာလာစီယာက ပြောခဲ့ပြီး ယူဖို့ငြင်းပယ်လိုက်တဲ့အခါ ကက်စ်မဲရိုးက အရင်က ပြောထားသလိုပဲ ပေးတယ်ဆိုရင် နားထောင်ပြီး ယူလိုက်ပါကွာလို့ ပြောခဲ့ပါတယ်။
ဘောလုံးပွဲတွေကနေ တစ်နှစ်ကျော် ဝေးကွာခဲ့တဲ့ မာလာစီယာဟာ နောက်ဆုံးမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာကာ ကစားနိုင်ပြီဖြစ်ပါတယ်။ နယ်သာလန်သားဟာ ယူနိုက်တက်ရဲ့ ယူ ၂၁ အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး ၂၀၂၄ ခုနှစ် မတိုင်မှာ ပထမအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။