မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ဟာရီကိန်း သို့မဟုတ် ဟော်လန်းအား အသင်းကို တိုက်တွန်းခဲ့သည်။
လက်ရှိ မန်ယူအသင်း၏ တိုက်စစ်တွင် ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီ ခြေစွမ်းပြနေပြီး ယခုရာသီ ပြိုင်ပွဲစုံ (၃၄)ပွဲတွင် (၁၄)ဂိုး သွင်းယူထားသည်။
သို့သော် ပေါလ်စခိုးလ်က ကာဗာနီ(၃၄ နှစ်)မှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ရေရှည်အသုံးပြုနိုင်မည့် အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပေါလ်စခိုးလ်က “မန်ယူအသင်းအနေနဲ့ (၅)နှစ်လောက် သုံးနိုင်မယ့် အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူသင့်ပါတယ်။ ကျွန်တော်ကတော့ မန်ယူအသင်းအနေနဲ့ ဟာရီကိန်း သို့မဟုတ် ဟော်လန်းကို ခေါ်ယူသင့်တယ်လို့ ထင်ပါတယ်။ ကာဗာနီက အသက်အရွယ်ကြောင့် နှေးသွားပြီဖြစ်သလို၊ ကြံ့ခိုင်မှုပြဿနာ၊ ဒဏ်ရာပြဿနာတွေလည်း ရှိနေတာပါ။ ဒါကြောင့် ဒီရာသီမှာ သူ မကစားနိုင်တဲ့ပွဲတွေ အများကြီးရှိပါတယ်။ မာစီယဲလ်၊ ဂရင်းဝုဒ်နဲ့ ရပ်ရှ်ဖို့ဒ်တို့က တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်ပြီး အထောင်တိုက်စစ်မှူးတွေ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
မန်ယူနောက်ခံလူဟောင်းတစ်ဦးဖြစ်သည့် ဖာဒီနန်ကလည်း အသင်းအနေဖြင့် ဟော်လန်း သို့မဟုတ် ဟာရီကိန်းကို ခေါ်ယူသင့်ကြောင်းနှင့် ယင်းကစားသမားများ အခြားအသင်းသို့ ရောက်သွားမည်ကို စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။