စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်း၏ ဒဏ်ရာပျောက်ကင်းမှုအခြေအနေမှာ မျှော်မှန်းထားသည်ထက် မြန်ဆန်နေပြီး မန်စီးတီးအသင်းနှင့်ပွဲတွင် ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ဟာရီကိန်းသည် ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
ဟာရီကိန်းအနေဖြင့် ခြေချင်းဝတ်နှစ်ဖက်စလုံး ထိခိုက်မိခြင်းဖြစ်သော်လည်း လာမည့်တစ်ပတ်တွင် ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း စပါးအသင်းနည်းပြဖြစ်သူ မော်ရင်ဟိုက အတည်ပြုပြောကြားခဲ့သည်။
“လာမယ့်တစ်ပတ်မှာ သူပြန် ကစားနိုင်လောက်တယ်လို့ ကျွန်တော်ပြောရင် အဲဒါက အကောင်းမြင်လွန်းတာမဟုတ်ဘူးလို့ ထင်ပါတယ်။ တိုးတက်မှုအခြေအနေကြောင့် သူပျော်ရွှင်နေသလို ကျွန်တော်တို့လည်း ဝမ်းသာရပါတယ်။ သူဒဏ်ရာရတဲ့ အချိန်မှာ ကျွန်တော်တို့ စိုးရိမ်သွားပါတယ်။ လာမယ့်တစ်ပတ်ထဲမှာ အဲဗာတန်၊ မန်ချက်စတာစီးတီးတို့နဲ့ ကစားရဖို့ရှိပေမဲ့ တစ်ပွဲ လောက်တော့ သူပြန်ကစားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်”ဟု မော်ရင်ဟိုက ဆိုခဲ့သည်။
စပါးအသင်းသည် ဟာရီကိန်းမပါနိုင်သည့် ပထမဆုံးပွဲတွင် တန်းဆင်းဇုန်အန္တရာယ် ရှိနေသည့် ဘရိုက်တန်အသင်းကို အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သည်။
ဟာရီကိန်းသည် ဘရိုက်တန်နှင့်ပွဲအပြင် ကြာသပတေးနေ့က ချယ်လ်ဆီးအသင်းနှင့် အိမ်ကွင်းပွဲ၊ တနင်္ဂနွေနေ့တွင် ဝက်စ်ဘရွန်းအသင်းနှင့်ကစားရမည့် အိမ်ကွင်းပွဲကိုလည်း ထပ်မံလွဲချော်မည်ဖြစ်သည်။
စပါးအသင်းသည် လာမည့်တစ်ပတ် ဗုဒ္ဓဟူးနေ့တွင် အဲဗာတန်အသင်းနှင့် FA ဖလားပြိုင်ပွဲ အဝေးကွင်း၊ စနေနေ့တွင် မန်စီးတီး အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး ယင်းနှစ်ပွဲအနက် အနည်းဆုံးတစ်ပွဲတွင် ၎င်း ပါဝင်နိုင်ရန် မော်ရင်ဟိုက မျှော်လင့်ထားခြင်းဖြစ်သည်။ ဟာရီကိန်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၂၉) ပွဲကစား (၁၉) ဂိုး သွင်းယူပေးထားသည်။