ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းသ မိုင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေး ဖြင့်ခေါ်ယူထားသည့် ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်၏ ကြံ့ခိုင်မှုပြဿနာနှင့် စွမ်းဆောင်ရည်အပေါ် စိတ်ပျက်လျက်ရှိနေပြီး ယူရို သန်း (၅၀)ခန့်ဖြင့် ပြန်လည်ရောင်းချသွားရန် စီစဉ်နေကြောင်းသိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ၎င်းတို့ အသင်း၏ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့သော ဟာဇက်အား ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က အသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) (ပေါင် ၈၉ သန်း)ဖြင့် ချယ်လ်ဆီးအသင်း ထံမှခေါ်ယူခဲ့ခြင်းဖြစ်သည်။ (စာချုပ်ပါအပိုဆု ကြေးများအရ ရီးယဲလ်သည် ဟာဇက်အတွက် ယူရို သန်း ၁၄၀ နီးပါးပေးချေခဲ့ရကြောင်းသိရ သည်။)
သို့သော် ဟာဇက်သည် ရီးယဲလ်အသင်း သို့စတင်ရောက်ရှိစဉ်ကတည်းက ကိုယ်အလေး ချိန်မြင့်တက်မှုပြဿနာကိုခံစားခဲ့ရပြီး ကြံ့ခိုင်မှု ပြဿနာများနှင့်အတူ ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရသည်။ ဟာဇက်သည် ရီးယဲလ်အသင်းအတွက် ပထမဆုံးရာသီဖြစ်သည့် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ပြိုင်ပွဲစုံ (၂၂)ပွဲသာ ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး (၁)ဂိုးသာရရှိသည်အထိ အခြေအနေဆိုး ရွားခဲ့သည်။
သို့သော် ရီးယဲလ်သည် ဟာဇက်အား ယခု ရာသီတွင် ထပ်မံအခွင့်အရေးပေးစောင့်ကြည့်ခဲ့ပြီး ဟာဇက်၏ပုံမှန်စွမ်းဆောင်ရည်အား မျှော်လင့်ခဲ့သည်။ ဟာဇက်အနေဖြင့် ယခုရာသီတွင် ဒဏ်ရာပြဿနာအခြေအနေမှာ ပိုမိုဆိုးရွားလာ ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲသာကစား နိုင်ခဲ့ကာ (၃)ဂိုးသာသွင်းယူနိုင်ခဲ့သလို ၎င်းပွဲကစားခွင့်ရသည့်အချိန်ထက် အနားယူရသည့်အချိန်က ပိုမိုများပြားလာခဲ့သည်။
လက်ရှိအချိန် တွင်လည်း ဟာဇက်သည် ကြွက်သားဒဏ်ရာ ကြောင့် အနားယူနေရသလို ယင်းဒဏ်ရာ၏ပြင်းထန်မှုကြောင့် ကစားသမားဘဝအဆုံးသတ် နိုင်သည်အထိဆိုးရွားနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေရာ ရီးယဲလ်အသင်းအနေဖြင့် ဟာဇက်၏အခြေအနေအပေါ် စိတ်ပျက်နေခြင်းလည်းဖြစ်သည်။
ဘာစီလိုနာအခြေစိုက် စပိန်အားကစားသတင်းစာ Mundo Deportivo ၏ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်းသည် ဟာဇက်၏ မကြာခဏအနားယူနေရသော ဆိုးရွားသည့် ဒဏ်ရာအခြေအနေနှင့် ကျဆင်းနေသောကွင်း တွင်းစွမ်းဆောင်ရည်အပေါ် စိတ်ပျက်နေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ရောင်းချကာ တိုက်စစ်မှူးသစ်ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် ဟာဇက်အား လက်ရှိ TransferMarkt ၏ သတ်မှတ်တန် ကြေးဖြစ်သော ယူရိုသန်း (၅၀)ခန့်ရလျှင်ပင် လက်လွှတ်မည်ဖြစ်ကြောင်း သိရသည်။
ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင် ကစားစဉ်က (၇)ရာသီကာလအတွင်း ဒဏ်ရာ ကြောင့် အနားယူရသည့်ရက်မှာ (၁၉၈)ရက်သာ ရှိခဲ့သော်လည်း ရီးယဲလ်အသင်းတွင်မူ (၁)ရာသီ ခွဲကျော်ကာလအတွင်း ဒဏ်ရာကြောင့်အနား ယူရသည်မှာ ရက်ပေါင်း(၄၀၀)နီးပါးရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ဟာဇက်သည် ရီးယဲလ် အသင်းသို့ ပြောင်းရွှေ့လာပြီးကတည်းက ဒဏ် ရာပြဿနာ (၈)ကြိမ်ကြုံတွေ့ခဲ့ပြီး အသင်း အတွက်လက်ရှိ အချိန်အထိ လာလီဂါပွဲစဉ် (၂၅)ပွဲသာ ပါဝင်ကစားနိုင်ထားကြောင်း သိရသည်။