မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဘောက်ဆင်ဒေး ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ကင်းပါဝါ ကွင်းထဲမှာ အမှတ်ပေး ဇယား အဆင့် 2 နေရာမှ လက်စတာ စီးတီး အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် သွားခဲ့ရ ပါတယ် ။
အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက် အသင်း အတွက် အဖွင့်ဂိုးကို ဘရူနို ဖာနန်ဒက်စ် ရဲ့ ခြေထောက် မြန်တဲ့ ပေးပို့မှုမှ တစ်ဆင့် တိုက်စစ် ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့က သွင်းယူ သွားခဲ့ပါတယ် ။ ဒါပေမယ့် မကြာမီမှာပဲ ဟာဗေး ဘားနက်စ် က လက်စတာ အတွက် ခြေပဂိုး ပြန်လည် သွင်းယူ ပေးသွားခဲ့ ပါတယ် ။
ဒါ့ကြောင့် ပထမပိုင်းက တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံး သွားခဲ့ရ ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်း မှာလည်း ယူနိုက်တက် တို့ဟာ ပိုကောင်းတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင် နိုင်ခဲ့ကြပေမယ့် တိုက်စစ် ကစားသမားတွေ အသုံးမချနိုင် ခဲ့တဲ့ အတွက် လူစားလဲမှုတွေ လုပ်ဆောင်ခဲ့ရ ပါတယ် ။
အဲ့ဒီနောက် ပွဲချိန် 79 မိနစ်မှာ ကာဗာနီ ရဲ့ ပေးပို့မှု က တစ်ဆင့် ဘရူနို ဖာနန်ဒက်စ် က ဦးဆောင်ဂိုး သွင်းယူ သွားခဲ့ ပါတယ် ။ ဒါပေမယ့် 6 မိနစ် အကြာမှာပဲ ဗာဒီ ရဲ့ ကန်ချက်က တွမ်ဇီဘီ နဲ့ ထိပြီး own goal ဖြစ်သွား ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ သရေ ရလဒ် နဲ့ပဲ ကျေနပ် ခဲ့ရ ပါတယ် ။
ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ဦးဆောင်ဂိုး နှစ်ကြိမ်တိုင် သွင်းပြီး ခံစစ် ကစားသမားတွေ လျော့တိလျော့ရဲ ကစားခဲ့ ကြတဲ့ အတွက် ဂိုးတွေ ပြန်ပေးရင်း သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ ရတာမျိုးက ပရိသတ်တွေ အတွက်ရော ကစားသမားတွေ အတွက်ပါ တစ်ကယ့်ကို စိတ်ပျက် စရာ ဖြစ်ခဲ့ရ ပါတယ် ။
အခုတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က အသင်းရဲ့ အဝတ်လဲခန်း ထဲကို ဝင်ရောက် သွားတဲ့ အချိန် သရေ ရလဒ်ကြောင့် စိတ်ပျက် နေခဲ့တဲ့ အသင်းဖော် တွေရဲ့ မျက်နှာကို မြင်တွေ့ခဲ့ရတဲ့ အတွက် ပျော်ရွှင်ခဲ့ ရကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့လိုက် ပါတယ် ။
” အသင်းရဲ့ အဝတ်လဲခန်း ထဲကို ဝင်ရောက် သွားခဲ့တဲ့ အချိန် မှာတော့ ကျွန်တော် တစ်ကယ်ပဲ ပျော်ရွှင် ခဲ့ရ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အားလုံးက စိတ်မကျေမနပ် ဖြစ်နေကြတဲ့ မျက်နှာ တွေနဲ့ အတူ ငါတို့ ပိုကောင်းအောင် လုပ်ခဲ့သင့်တယ် ဆိုတဲ့ အကြောင်း ပြောနေခဲ့ ကြလို့ ပါပဲ ”
” ကျွန်တော်တို့ တွေဟာ အနိုင် ရယူလိုစိတ် ရှိတဲ့ စိတ်ဓါတ် ခံယူချက် တစ်ခုကို ဖန်တီး နေကြတာပါ ။ ဒါ့ကြောင့် အခုလို ရလဒ်မျိုးက ကျွန်တော်တို့ အတွက် ပျော်ရွှင်မှု ပေးနိုင်စရာ အကြောင်းကို မရှိ ပါဘူး ” လို့ ဘရူနို ဖာနန်ဒက်စ် က သူ ပျော်ရွှင်ခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းပြ သွားခဲ့လိုက် ပါတယ် ။
အဲ့ဒီနောက် အသင်းဟာ အမှတ်ပေး ဖလားဆုကို စိန်ခေါ် နိုင်စွမ်း ရှိတယ် ဆိုတာကို ပြသ နိုင်ခဲ့ကြောင်း ၊ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ပွဲချိန် ပြီးဆုံးဖို့ 5 မိနစ် အလိုမှာ ဦးဆောင် နေခဲ့တဲ့ အနေအထား တစ်ရပ် ကနေ သရေ ရလဒ် ထွက်ပေါ်ခဲ့ ရတာက တစ်ကယ့်ကို မကျေနပ်စရာ ကောင်းကြောင်း ဘရူနို က ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။
” ကျွန်တော်တို့ စိတ်ပျက်လွန်းခဲ့ကြ ပါတယ် ။ ကျွန်တော်တို့ အနိုင် သုံးမှတ် ရယူ နိုင်ခွင့် ရှိတယ် ဆိုတာကို သိနေခဲ့ ကြတယ်လေ ။ ဒါက ကျွန်တော်တို့ အတွက် အရမ်းကို အရေးကြီး ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ တွေက ပွဲစဉ်တိုင်းကို အနိုင် ကစားချင် ကြလို့ ပါပဲ ”
” သူတို့တွေက အသင်းကောင်း တစ်သင်းကို ပိုင်ဆိုင် ခဲ့ကြပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ တွေက ပွဲစဉ်ကို အနိုင် ကစား နိုင်ခွင့် ရှိခဲ့ သလို ပွဲပြီးဆုံးဖို့ 5 မိနစ် အလိုမှာ 2 – 1 ဆိုတာထက် ပိုကောင်းတဲ့ ရလဒ် နဲ့ ဦးဆောင် နိုင်ခဲ့သင့်လို့ ပါပဲ ။ ဒီလို ရလဒ် ထွက်ပေါ် နေရင် အချိန်မရွေး ဂိုး ပေးရ နိုင်တယ် ဆိုတာကို ကျွန်တော်တို့ သိခဲ့ကြ ပါတယ် ”
” ကျွန်တော်တို့ အရမ်းကို စိတ်ပျက် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် အခုလို စိတ်ပျက် နေလို့ပဲ မရသေး ပါဘူး ။ ကျွန်တော်တို့ သုံးရက် တစ်ပွဲနှုန်း ကစားနေကြ ရတာပါ ။ ဒါ့ကြောင့် စိတ်ပျက်မှု တွေနဲ့ အတူ ကျွန်တော်တို့ တွေဟာ လာမယ့် သုံးရက် အကြာမှာ အကောင်းဆုံး ပေါက်ကွဲပြ နိုင်ဖို့ လိုအပ်ပါတယ် ”
” သူတို့က အသင်းကောင်း တစ်သင်းပါ ။ ကောင်းကောင်း ခုခံပြီး ကစား နိုင်တယ် ဆိုတာ ကျွန်တော်တို့ သိခဲ့ကြ ပါတယ် ။ သူတို့ တွေက နေရာလွတ် မပေးခဲ့ကြ ပါဘူး ။ ကျွန်တော် တို့လည်း အခွင့်အရေးတွေ လွဲချော် ခဲ့ကြ ပါတယ် ။ ပြီးတော့ နောက်ဆုံး ပေးပို့မှုက လုံလောက်စွာ မကောင်းခဲ့ ပါဘူး ” လို့ ဘရူနိုက ဖွင့်ဟ ပြောကြား သွားခဲ့လိုက် ပါတယ် ။