spot_img

ဝေဖန်မှုတွေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီကို အဆုံးသတ်ခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့်ဖက်မှ ကာကွယ် ပြောဆိုပေးလိုက်တဲ့ ဘိုတန်

ပြီးခဲ့တဲ့ အပတ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်စီးတီး အသင်း ကို ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ချဲလ်ဆီး အသင်းရဲ့ ဘောလုံး ရာသီဟာ အနိမ့်အမြင့် အတက်အကျ များစွာနဲ့ ဖျော်ဖြေမှုတွေ ပေးခဲ့ပါတယ် ။

ပေါင်သန်း ၂၀၀ကျော် သုံးစွဲပြီး ခေါ်ယူအားဖြည့်ထားတဲ့ ကစားသမား ၇ဦးထဲက တဦး ဖြစ်တဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ရဲ့ အင်္ဂလန် က ပထမဆုံး ဘောလုံးရာသီ ဟာ ထင်သလောက် ပေါက်မြောက်ခဲ့ခြင်း မရှိပါဘူး ။

myan789

အသင်းလိုက် အောင်မြင်မှု အရ ဗာနာ အတွက် ကြီးကျယ် ခမ်းနားခဲ့တယ် ဆိုပေမယ့် ၊ တဦးချင်း မှတ်တမ်းမှာတော့ ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီး အသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား ဟာ ပင်နယ်တီဂိုး သက်သက် သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဖြစ်နေခြင်းဟာ ဗာနာရဲ့ စွမ်းဆောင်ရည် လုံလုံလောက်လောက် မကောင်းသေးဘူး ဆိုတာကို ဖော်ညွှန်းနေပါတယ် ။

နည်းပြသစ် သောမတ်စ် တူချယ် လက်အောက်မှာ ဗာနာ ဟာ ချဲလ်ဆီး အသင်းရဲ့ တောင်ပံ တိုက်စစ်တွေကို ပိုမို လှုပ်ခတ်စေသလို ၊ တန်ပြန်တိုက်စစ် ဆင်တဲ့ နေရာမှာလည်း လက်နက်ကောင်း တလက် အသွင် ဆောင်ထားပေမယ့် ၊ ဂိုးသွင်း အဆုံးသတ်က ၄င်းအနေနဲ့ တိုးတက်ဖို့ မဖြစ်မနေ ကြိုးစားရမယ့် အရည်အသွေး တရပ် ဖြစ်လို့နေပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး အသင်းဟာ ယခု နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ထဲမှာ ဒေါ့မွန် ဂိုးသွင်းစက် နော်ဝေး ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်း ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေလို့ ၊ ဗာနာ အနေနဲ့ လာမယ့် ရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက် ယခုထက် ပိုပြီး ကြိုးစားရမှာ သေချာနေပါတယ် ။

လောလောဆယ် မှာတော့ ယူရို ပြိုင်ပွဲ အတွက် ဂျာမနီ လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းနေတဲ့ ဗာနာ ဟာ ဂျိုအာချင်လိုရဲ့ ပထမ ဦးစားပေး တိုက်စစ်မှူး ဖြစ်ဖို့ မသေချာနေသေးသလို ၊ ၄င်းရဲ့ ပွဲထွက်ခွင့်ကို ခြိမ်းခြောက်မယ့် ဘိုင်ယန်တိုက်စစ်မှူး သောမတ်စ် မူလာ နဲ့ ချဲလ်ဆီး အသင်းဖော် ကိုင်ဟာဗက်ဇ် တို့လည်း ရှိနေပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ လတ်ဗီးယား အသင်းကို ၇ – ၁ နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဗာနာ ဟာ အရန်ခုံ က ထလာပြီး ဂိုးတဂိုး ရယူပေးခဲ့ပေမယ့် ၊ ဒါဟာ ၄င်းကို ယူရိုမှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ အာမမခံပေးနိုင်သေးပါဘူး ။ သို့ပေမယ့် ဂျာမန် အသင်းဖော် ခံစစ်မှူး ဂျရုန်း ဘိုတန် ကတော့ ဗာနာဖက်ကနေ အခုလိုပဲ ကာကွယ်ပြောဆိုပေးခဲ့ပါတယ် ။

Sport BILD သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဘိုတန် က ” တ်ီမို ဟာ ဒီနှစ် ဘောလုံးရာသီမှာ နိုင်ငံသစ် ၊ လိဂ်အသစ် ၊ ကလပ် အသစ်ဆီ ပြောင်းရွှေ့ ကစားထားတာ ဖြစ်ပါတယ် ။ ဒီတော့ သူ့အတွက် မလွယ်ပါဘူး ။ ဘယ်လောက်ပဲ ရုန်းကန်ရသည် ဖြစ်စေ ၊ သူဟာ အသင်းသစ် အတွက် ဂိုးတွေ သွင်းထားပေးပြီး ၊ ဖန်တီးမှုတွေလည်း အကြိမ်ကြိမ် လုပ်ပြခဲ့ပါတယ် ။ ”

” အခက်အခဲတွေအောက်က အကြိမ်ကြိမ် ရုန်းထွက်နိုင်ခဲ့ပြီး ၊ အဆုံးမှာ ချန်ပီယံလိဂ် ဖလားကိုလည်း သူ ဆွတ်ခူးပြနိုင်ခဲ့ပါတယ် ။ ကျွန်တော့ အမြင်မှာတော့ ဒါဟာ ပုံမှန် အနိမ့်အမြင့် အတက်အကျ ရှိတဲ့ အပေါင်း လက္ခဏာ ဆောင်တဲ့ ပထမဆုံး ဘောလုံးရာသီလို့ပဲ ယူဆထားပါတယ် ။ ”

” ဒီကနေ သူဟာ ပိုပြီး စိတ်ဓာတ် ကြံ့ခိုင်တဲ့ ၊ ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်လာနိုင်ပါတယ် ။ ရလာတဲ့ အတွေ့အကြုံတွေကနေ သူ ဆက်လက် သင်ယူမှာပါ ။ ယူရိုမှာ ကျွန်တော် တို့ဟာ ဆာလောင်နေတဲ့ တီမို ဗာနာ အသွင်သစ်ကို မြင်တွေ့ရပါလိမ့်မယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ ချန်ပီယံလိဂ် ဖလားကို ပူပူနွေးနွေး ဆွတ်ခူးထားလို့ပါ ။ ”

” ဒီ အောင်မြင်မှုက သူ့ကို ဆွဲတင်သွားပါလိမ့်မယ် ။ ဒီ ယူရိုမှာ သူဟာ ဘယ်လို ကစားသမားလဲ ဆိုတာ သက်သေပြသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဂျာမနီ အသင်း ဟာ လာမယ့် အပတ် အင်္ဂါနေ့ညမှာ ယူရို အုပ်စု အဖွင့်ပွဲ အဖြစ် လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် အသင်းကို ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular