ဝက်စ်ဟမ်းအသင်းက အာရွန် ဝမ်ဘစ်ဆာခါကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီ ဖြစ်တာကြောင့် မန်ချက်စတယာ ယူနိုက်တက်အသင်းအနေနဲ့ ညာခြမ်းခံစစ်နေရာမှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ခက်ခဲသွားခဲ့ရပြီလို့ သိရှိရပါတယ်။
ကနဦးပိုင်းတုန်းကတော့ ယူနိုက်တက်က ဘစ်ဆာခါကို ဝက်စ်ဟမ်းအသင်းဆီ ရောင်းချပြီး သူ့နေရာမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ မော်ရိုကို ညာနောက်ခံကစားသမား မာဇာရာအူယီနဲ့ ပြန်လည် အစားထိုးသွားဖို့ စီစဉ်ထားခဲ့ပေမယ့် လက်ရှိမှာ ဝက်စ်ဟမ်းက ဘစ်ဆာခါကို ကြိုးပမ်းနေမှု အဆုံးသတ်လိုက်ပြီဖြစ်လို့ ဒါက ယူနိုက်တက်အတွက် ခေါင်းခဲစရာ ဖြစ်သွားနိုင်ပါတယ်။
ဝက်စ်ဟမ်းက ဘစ်ဆာခါကို ခေါ်ယူချင်ခဲ့ပေမယ့် ဘစ်ဆာခါက ဝက်စ်ဟမ်းကို ရောက်သွားခဲ့ရင် ယူနိုက်တက်မှာ ရရှိနေတဲ့ လုပ်ခလစာအတိုင်း လိုချင်နေတာက ဝက်စ်ဟမ်းအတွက် အဆင်မပြေနိုင်တဲ့ အကြောင်းအရာ ဖြစ်နေတာကြောင့် ဝက်စ်ဟမ်းက ဘစ်ဆာခါအစား နယူးကာဆယ်ရဲ့ ထရစ်ပီယာကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။
ဒါက ယူနိုက်တက်အတွက်လည်း အတော်လေး ခေါင်းခဲရတော့မယ့် အခြေအနေဖြစ်ပြီး ဘစ်ဆာခါကို လက်မလွတ်နိုင်ဘူးဆိုရင် ညာခြမ်းခံစစ်နေရာအတွက် ကစားသမားသစ် ဖြည့်တင်းဖို့ကလည်း ခက်ခဲသွားရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုစောင့်ကြည့်ရမှာကတော့ အင်တာမီလန်အသင်းက နယ်သာလန် ညာနောက်ခံလူ ဒန်ဆယ် ဒမ်ဖရီးစ်နဲ့ ဘစ်ဆာခါတို့ကြား swap deal transfer ပဲ ဖြစ်ပါတယ်။ ဒမ်ဖရီးစ်က အင်တာဘက်ကနေ စာချုပ်သစ် ကမ်းလှမ်းထားမှုကို ပယ်ချထားခဲ့တာဖြစ်ပြီး ဒီအခြေအနေကြောင့် ဘစ်ဆာခါကိုပါ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ ယူနိုက်တက်က ဘစ်ဆာခါနဲ့ ဒမ်မရီးစ်တို့ နှစ်ဦးကို ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်ဖို့ ဆန္ဒရှိခဲ့တာဖြစ်ပြီး ကစားသမား နှစ်ဦးလုံးကလည်း သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တာ ဖြစ်ပေမယ့် အင်တာကတော့ ဒီ swap deal မှာ ငွေကြေးတစ်စုံတစ်ရာလည်း ပါဝင်စေချင်နေပါတယ်။