ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှုး လူးဝစ် ဆွာရက် ဟာ အေတီကို အသင်းကို ပြောင်းရွှေ့ကြေး ယူရို 6 သန်း နဲ့ ပြောင်းရွှေ့ဖို့ အတွက် တရားဝင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
သတင်းတွေ ကတော့ အဲဒီ ယူရို 6 သန်း ကို အေတီကို က တစ်ခါတည်း ပေးချေစရာ မလိုပဲ ကစားသမား ရဲ့ စွမ်းဆောင်ရည် + အေတီကို ရဲ့ ချန်ပီယံလိဂ် တက်ရောက် နိုင်တဲ့ အနေအထားတွေ အပေါ်မူတည်ကာ ပေးချေရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆွာရက်ဟာ ဘာစီလိုနာ မှာ ဖြတ်သန်းခဲ့တဲ့ 6 နှစ်တာ ကာလ အတွင်း ဆုဖလားပေါင်း 13 ခု အထိ ဆွတ်ခူးပေးနိုင်ခဲ့သလို ၊ အသင်းအတွက် 198 ဂိုး သွင်းယူကာ သမိုင်းကြောင်း တစ်လျှောက် တတိယ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်သွားခဲ့ပါတယ်။
ဆွာရက် ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဆုဖလားများ
4 ကြိမ် – လာလီဂါ ဖလား
1 ကြိမ် – ချန်ပီယံလိဂ် ဖလား
4 ကြိမ် – ကိုပါ ဒယ်ရေး ဖလား
1 ကြိမ် – ကမ္ဘာ့ ချန်ပီယံများ ဖလား
1 ကြိမ် – ဥရောပ စူပါ ဖလား
2 ကြိမ် – စပိန် စူပါ ဖလား
ဒီကနေ့ ညနေမှာတော့ ဆွာရက် အတွက် တရားဝင် နှုတ်ဆက်ပွဲကို နူးကမ့် က 1899 Auditorium မှာ ကျင်းပပေးသွားခဲ့ပါတယ်။ အခမ်းအနား ကို ဥက္ကဌ ဘာတိုမြူ ကိုယ်တိုင်က ဖွင့်လှစ် ပေးခဲ့ပြီး ၊ ဆွာရက် ရဲ့ မိသားစု ဝင်တွေ အပြင် ၊ ကစားဖော်တွေ ဖြစ်တဲ့ မက်ဆီ ၊ ဂျော်ဒီ အယ်လ်ဘာ ၊ ပီကေး ၊ ဆာဂီ ရော်ဘတ်တို ၊ ဘက်စကွက် တို့ပါ တက်ရောက် ပေးခဲ့ပါတယ်။
“ ဘာစီလိုနာ နဲ့ အတူ ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုတွေက အိပ်မက်ထဲ က အတိုင်း တကယ်ဖြစ်လာခဲ့တာပါ။ ကျနော် ဖြင့် ဒီလောက် အမြင့်ဆုံးအထိ ရယူနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်ကူး မကြည့်ဖူးခဲ့ပါဘူး။
ကိုယ့် ခြေစွမ်းကိုသာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားမယ် ဆိုရင် အသက်အရွယ်တွေ ဘယ်လောက်ရှိပြီလဲ ဆိုတာတောင် အမှတ်မရတော့ဘူးလေ။ ကျနော်သာ ကျေနပ်မှုတွေ ၊ ဂုဏ်ယူမှုတွေ အများကြီးနဲ့ ဘာစီလိုနာ ကို ခွဲခွာနိုင်ခဲ့တာပါ။ နူးကမ့်မှာ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေဟာ အံ့အားသင့်စရာတွေချည်းပါပဲ” လို့ နှုတ်ဆက် စကား ဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူ ကတော့ ဆွာရက် အနေနဲ့ ကစားသမားဘ၀ ကနေ အနားယူတဲ့ အချိန်ရောက်ရင် ၊ နှုတ်ဆက်ပွဲကို နူးကမ့်ကွင်းထဲမှာ ပရိသတ်တွေ အစုံအလင်နဲ့ ခမ်းခမ်းနားနား ကျင်းပပေးသွားချင်တယ်လို့ ပြောဆိုသွားခဲ့ပြီး ၊ ဘာစီလိုနာ ဟာ သူ့အတွက် ထာဝရ အိမ် အဖြစ် ဆက်ရှိနေမှာပါလို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။
“ ဘာစီလိုနာ ပရိသတ် တစ်ယောက်ချင်းစီက ဒီကလပ် အတွက် ကစားပေးခဲ့တဲ့ 6 နှစ်တာ ကာလ အတွင်း ကျေးဇူးတင် စကားတွေ ဆိုနေမှာပါ ။ မင်းရဲ့ အနာဂတ်ဟာလဲ လက်ရှိလိုပဲ လှပနေပါစေကြောင်း မျှော်လင့်ပေးမိပါတယ်။
ပျော်ရွှင်စရာ နေ့ရက်တွေ ဆက်လက် ပိုင်ဆိုင်နိုင်ပါစေ….. ၊ ဘာစီလိုနာ ဟာ မင်းရဲ့ ထာဝရအိမ် အဖြစ် ဆက်ရှိသွားမှာပါ။
မင်း ဘောလုံး လောက်ကနေ အနားယူတဲ့ အချိန်ရောက်ရင် ၊ အသင်းကလဲ နှုတ်ဆက်ပွဲ တစ်ပွဲကို ပရိသတ်တွေ စုံစုံလင်လင် နဲ့ ကျင်းပေးပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ အဲဒီ အချိန်ရောက်ရင် ဗိုင်းရပ် ကိစ္စတွေလဲ ပြေလည်သွားပါစေ။
ငါတို့ဟာ 2014 ခုနှစ် မှာ မင်းကို ခေါ်ယူခဲ့တဲ့ အချိန် ကတည်းက စွမ်းဆောင်ရည်တွေ နဲ့ ပတ်သက်ပြီး လုံး၀ သံသယ မရှိခဲ့ပါဘူး” လို့ ပြောဆိုသွားခဲ့ ပါတယ်။