မန်ယူကွင်းလယ်လူ ပေါ့ဘာက လီဗာပူးလ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အလှဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမည်ဟုပြောကြားခဲ့သည်။
မန်ယူအသင်းသည် အင်္ဂါနေ့ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘန်လေအသင်းကို အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် အမှတ်ပေးဇယားကို ၂၀၁၈ သြဂုတ်လ (၁၀)ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
ဘန်လေနှင့်ပွဲတွင် မန်ယူအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သည့် ပေါ့ဘာက လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် လီဗာပူးလ်အသင်းနှင့်ပွဲမှာ လှပသည့်ပွဲတစ်ပွဲဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပေါ့ဘာက “ဒီပွဲ(ဘန်လေနဲ့ပွဲ)မှာ အနိုင်ရရင် လီဗာပူးလ်နဲ့ ရင်ဆိုင်တဲ့အခါ ကျွန်တာ်တို့က အမှတ်ပေးဇယားကို ဦးဆောင်သူအဖြစ် ယှဉ်ပြိုင်ခွင့်ရမှာကို ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် အကောင်းဆုံးကြိုးစားခဲ့တာပါ။ အခု ကြီးကျယ်တဲ့အခိုက်အတန့်ကို ကျွန်တော်တို့ ပိုင်ဆိုင်ထားပေမဲ့ ဒီအချိန်မှာ တည်ငြိမ်နေဖို့ လိုပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ လီဗာပူးလ်နဲ့ပွဲက လူတိုင်းအတွက် လှပတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ အဲဒီပွဲအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အပြီးတွင် ရမှတ် (၃၆)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၁)နေရာ၌ ရပ်တည်နေပြီး အဆင့်(၂)နေရာမှ လီဗာပူးလ်အသင်း (၃၃ မှတ်)ကို (၃)မှတ် ဖြတ်ထားသည်။