လီဗာပူးလ်အသင်း၏ နည်းပြ ယာဂန်ကလော့ပ်က ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းစားနေသော်လည်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံး(၃)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့သည့်အတွက် နည်းပြ ယာဂန်ကလော့ပ်ကို ရာထူးမှ ထုတ်ပယ်တော့မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေပြီး ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်သည့် နည်းပြရေပန်းစားမှုတွင်လည်း ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။
သို့သော် လိုက်ပ်ဇစ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲကြိုပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းအကြောင်းအရာနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ယာဂန်ကလော့ပ် က “ကျွန်တော့်ကို ရာထူးက ထုတ်မှာလား။ ကျွန်တော် နုတ်ထွက်ရမှာလား။ ကျွန်တော့်အတွက် အနားယူချိန် မလိုအပ်ပါဘူး။ ကျွန်တော်တို့ ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းနေရတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်း ရာနှုန်းပြည့်စုစည်းညီညွတ်စွာ လုပ်ဆောင်နေပါတယ်။ ကျွန်တော့်ကို ထောက်ခံနေကြတာကိုရော၊ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေတာကိုရော ကျွန်တော် ကြားသိပါတယ်။ ကျွန်တော့်အတွက် အထူးတလည် ထောက်ခံအားပေးမှုတွေ မလိုအပ်ပါဘူး။ ကျွန်တော့်မှာ စွမ်းအင်အပြည့်ရှိပါတယ်။ ဒါ အရိုးသားဆုံးပြောတာပါ။ စိန်ခေါ်မှုတွေကိုလည်း ကျွန်တော် စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်း၏ ပရိသတ်အချို့ကလည်း ယာဂန်ကလော့ပ်ကို ဆက်လက်ထောက်ခံကြောင်း ပြသသည့်အနေဖြင့် အန်ဖီးလ်ကွင်းအပြင်ဘက်တွင် စာတန်းများချိတ်ဆွဲကာ အားပေးခဲ့ကြောင်းသိရသည်။
လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဆာလာကလည်း မိမိတို့သည် ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်းဖြစ်သောကြောင့် ချန်ပီယံအသင်းပီသစွာ တိုက်ပွဲဝင်သွားမည်ဟု ပြောကြားခဲ့သည်။