လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအား စာချုပ်သက်တမ်းတိုးရေး ဆွေးနွေး နေမှုများမှာ တိုးတက်မှုမရှိသေးကြောင်း အသင်းနည်းပြဖြစ်သူ ယာဂန်ကလော့ပ်က အေစီမီလန်နှင့်ပွဲမတိုင်မီ ကြိုသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
“မို(ဆာလာ)နဲ့ပတ်သက်ပြီး ဘယ်သူ တိတိကျကျသိမှာလဲ။ မိုလိုကစားသမားတစ်ယောက်ကို စာချုပ်သက်တမ်းတိုးဖို့ဆိုတဲ့အကြောင်း ကျွန်တော်တို့ ပြောကြားရာမှာ မွန်းလွဲပိုင်းမှာ လက်ဖက်ရည်တစ်ခွက်သောက်သလို မဟုတ်ပါဘူး။ သဘောတူညီမှု ရှာဖွေရပါမယ်။ ဒါက သာမန်အခြေအနေပါ။ မိုလည်း ဒီအကြောင်းပြောခဲ့တယ်။ ပြီးတော့ ကျွန်တော် ဒါနဲ့ပတ်သက်ပြီး အနည်းငယ်သာ ပြောနိုင်ပါတယ်။ ကျန်တာတွေကတော့ အများရှေ့မှာ ပြောလို့မရပါဘူး။ သူပြုလုပ်တဲ့ အင်တာဗျူးက အင်္ဂလိပ်လိုလား၊ အာရဘီလိုလား ကျွန်တော် သေချာမသိပါဘူး။ ပြီးတော့ ဒါကို ဘာသာပြန်ပြီး အင်္ဂလန်ကို ရောက်လာတယ်။ ဒါပေမဲ့ ဆာလာလည်း အခြေအနေ ကောင်းသလို၊ ကျွန်တော်လည်း ဒီလိုပါပဲ။ ဒီလိုကိစ္စမျိုးက အချိန်ယူရမှာကို ကျွန်တော် တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်”ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
ဆာလာသည် လက်ရှိအချိန်တွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နောက်ဆုံး ၁၈ လအလိုအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအသင်း၏ နည်းပြသစ်ဖြစ်လာသည့် ဇာဗီကလည်း မကြာသေးမီက ဆာလာကဲ့သို့ ကစားသမားမျိုးသာ နူးကမ့်ကို လာရောက်ကစားမည်ဆိုပါက အလွန်ဝမ်းမြောက်မိလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဆာလာက စာချုပ်သက်တမ်းကုန်ဆုံးရန် တဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ စာချုပ်သစ်ကိစ္စကို ပြေလည်အောင် မဆောင်ရွက်နိုင်သေးသည့် အသင်း၏ စီမံခန့်ခွဲမှုအဖွဲ့အပေါ် စိတ်ပျက်နေပြီး ဘာစီလိုနာအသင်း၏ စိတ် ဝင်စားခြင်းခံနေရသည်ဆိုသည့် သတင်းများကိုလည်း ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
ဆာလာသည် ၂၀၁၇ နွေရာသီတွင် ရိုးမားအသင်းမှ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၂၃ ပွဲတွင် ၁၄၄ ဂိုး သွင်းယူထားနိုင်ခဲ့သည်။