သမိုင်းဝင်ဖလား လေးလုံးအတွက် တိုက်ပွဲဝင်နေသည့် လီဗာပူးလ်ကစားသမားများသည် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေ ပြီဖြစ်ကြောင်း အသင်းကွင်းလယ်လူ ဖာဘင်ညိုက ဝန်ခံပြောကြားသည်။
ယခုရာသီတွင် လိဂ်(Carabao)ဖလား နှင့် FA ဖလားတို့ကို ရရှိထားသည့် လီဗာပူးလ်အသင်းသည် ပြိုင်ပွဲစုံ ၆၁ ပွဲအထိ ကစားထားပြီဖြစ်ပြီး ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်နှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရဦးမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ မန်စီးတီးအသင်းနှင့် တစ်မှတ်ကွာဟနေပြီး ရာသီပိတ်ပွဲစဉ်၌ မန်စီးတီး အမှတ်လျော့မှသာ ချန်ပီယံဆုကို မျှော်လင့်နိုင်မည်ဖြစ်သည်။ ချန်ပီယံလိဂ်တွင်မူ ဗိုလ်စွဲရန် လီဗာပူးလ်အသင်းက ရီးယဲလ်အသင်းထက် ပိုရေပန်းစားနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် တစ်ပတ်လျှင် နှစ်ပွဲနှုန်းကစားနေရပြီး လက်ရှိတွင် အသင်းအဓိကကစားသမားများမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ထို့ကြောင့် ဖာဘင်ညိုက မိမိတို့အသင်းမှာ အလွန်ပင်ပန်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖာဘင်ညိုက “ကျွန်တော်တို့ အရမ်းပင်ပန်းနေပါပြီ။ တစ်ပတ်နှစ်ပွဲနှုန်းနဲ့ ကစားရတာ တစ်လလောက်ရှိပြီဖြစ်ပြီး ပွဲတိုင်းကလည်း အရေးကြီးတဲ့ပွဲစဉ်တွေချည်း ပါပဲ။ ဒါကြောင့် ကျွန်တော်တို့အားလုံး စိတ်ရော ကိုယ်ပါ ပင်ပန်းနေကြပါပြီ”ဟု ပြော ကြားသည်။
လက်ရှိတွင် တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရသည့် ဖာဘင်ညိုက ၎င်းအနေဖြင့် မေ ၂၈ ရက်တွင် ကစားမည့် ရီးယဲလ်နှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ပါဝင်ကစားနိုင်မည်ဟုလည်း ပြောကြားသည်။