ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် လီဗာပူး အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံကစားသွားဖို့ ရှိပါတယ် ။ ပြီးခဲ့တဲ့ ရာသီကို အဆင့် ၁၂ နေရာနဲ့ အဆုံးသတ်ခဲ့ရတဲ့ ခြင်္သေ့ပြာတို့ အဖွင့် ရာသီသစ်မှာ တာထွက်လှဖို့က ပိုတောင်မှ အရေးကြီးနေပါတယ် ။
ရာသီကြို ပြင်ဆင်မှုက အတော်လေး အားရဖို့ကောင်းထားလို့ ၊ ဒီပွဲအတွက် ချဲလ်ဆီး ကစားသမားတွေ အသင့်ဖြစ်နေမှာ သေချာပါတယ် ။ တဖက်မှာ လီဗာပူးကလည်း ကွင်းလယ်အပိုင်းမှာ ကြီးကြီးမားမား အပြောင်းအလဲ လုပ်ထားပြီး ၊ ချဲလ်ဆီး နည်းတူ အဖွင့်ပွဲမှာ ရလဒ်ကောင်း ရဖို့ အတွက် ကြိုးစားသွားဖို့ ရှိပါတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက လီဗာပူး နည်းပြ ယာဂင် ကလော့ပ် အပေါ် အခုလိုပဲ ရှေးဦးစွာ ချီးကျူးမှုတွေ လုပ်သွားပါတယ် ။

ပိုချက်တီနို က ” သူဟာ အကောင်းဆုံးတွေထဲက တဦးပါ ။ သူ့ကို အကောင်းဆုံးလို့ ကျွန်တော်တို့ မပြောနိုင်ပေမယ့် ၊ သူဟာ အကောင်းဆုံး ထိပ်တန်း ၅ဦး စာရင်းဝင် မန်နေဂျာပါ ။ သူနဲ့ ကျွန်တော့ အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ် ။ တောတင်ဟမ်ကနေ ထွက်ခဲ့ရတုန်းက သူ ကျွန်တော့ကို ပေးခဲ့တဲ့ မက်ဆေ့ခ်ျက အကောင်းဆုံးတွေထဲက တခုပါပဲ ။ ”
” လီဗာပူးမှာ သူဟာ အံ့သြဖွယ် စွမ်းဆောင်ပေးနေပါတယ် ။ သူ ဒီလို အနေအထားမျိုးနဲ့ ထိုက်တန်တာကြောင့် ကျွန်တော် ဝမ်းမြောက်မိပါတယ် ။ ကောင်းကောင်းဆိုးဆိုး ကလပ်ဖက်က ထောက်ခံမှုကို သူ အပြည့်ရထားပါတယ် ။ သူတို့ဟာ သူ့အပေါ် အမှန်တကယ် ယုံကြည်နေကာ ၊ အသင်းကောင်း တသင်း ဖန်တီးနိုင်ဖို့ ဆုဖလားတိုင်း စိန်ခေါ်နိုင်ဖို့ လိုအပ်တဲ့ အကောင်းဆုံး အရာတွေ ပံ့ပိုးပေးနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ပိုချက်တီနို က လက်ရှိ ချဲလ်ဆီးနဲ့ လီဗာပူး အနေအထားကို နှိုင်းယှဉ်ခြင်းနဲ့ ပတ်သက်ကာ ” ကျွန်တော်တို့က လီဗာပူးထက်စာရင် အပြောင်းအလဲကာလကို ပိုရောက်နေတဲ့ အသင်း ဖြစ်တယ်လို့ ထင်ပါတယ် ။ ကျွန်တော်က အခုမှ အသစ်ရောက်လာတာ ဖြစ်ပြီး ၊ ကလော့ပ်က လီဗာပူးမှာ ရှိနေတာ ဘယ်နှနှစ်တောင်လဲ ? ၇နှစ် ။ ”

” ခင်ဗျားဟာ အပြောင်းအလဲ ကာလကို ကြိုတင်မျှော်မှန်းနိုင်ပါတယ် ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ခင်ဗျား သိနိုင်ပါတယ် ။ ခင်ဗျားဟာ ပြဿနာတွေထက် ခေါင်းဦးနေနိုင်ပါတယ် ။ ကလပ်ဆီက ထောက်ခံမှု ရတဲ့အခါ အခြေအနေတွေကို ဘယ်လို လက်ဦးမှု ယူပြီး ပါးပါးနပ်နပ် ဖြေရှင်းဖို့ပဲ လိုမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” ကျွန်တော်တို့ဟာ ချဲလ်ဆီး ဖြစ်ပါတယ် ။ ဒီကလပ်ရဲ့ သမိုင်းကြောင်းက ဆုဖလားတွေ ရယူဖို့ပါ ။ အပြောင်းအလဲကာလထဲ ရောက်နေရင်တောင် ကျွန်တော်တို့ အနေနဲ့ ဒီအကြောင်း မက်ဆေ့ခ်ျ ပေးနေလို့ မရပါဘူး ။ ကျွန်တော်တို့ နိုင်ပွဲတွေ ရဖို့ လိုပါတယ် ။ နိုင်ပွဲတွေ အတွက် အသင့်ဖြစ်နေဖို့ လိုပါတယ် ။ လီဗာပူးနဲ့ ပွဲကို အနိုင်ကစားဖို့ အသင့်ဖြစ်နေရပါမယ် ။ သူတို့က အရမ်းကောင်းတဲ့ အသင်း ဖြစ်နေရင်တောင်မှပေါ့ ။ ”
” ကစားသမားတွေနဲ့ ကလပ် တသင်းလုံးရဲ့ စိတ်ဓာတ်ခံယူချက်က အကောင်းဆုံး နည်းလမ်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ၊ ကိုယ့်ကိုယ်ကို ယုံကြည်နေဖို့ ဖြစ်ပါတယ် ။ တခြားသော နည်းလမ်း တခုခုနဲ့ စဉ်းစားဖို့ အကြောင်း ကျွန်တော် လက်ခံမှာ မဟုတ်ပါဘူး ။ စိတ်ဓာတ် ကြံ့ခိုင်ဖို့ လိုတာကြောင့် ကျွန်တော်တို့ အတွက် ဘာဆင်ခြေမှ ပေးစရာ မရှိပါဘူး ။ ”
” ကြီးမားတဲ့ အရာတွေ အတွက် ပြိုင်ဆိုင် တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိနေတာ သေချာပါတယ် ။ အမြဲတမ်း တိုးတက်နေရပါမယ် ။ ကျွန်တော်တို့ စတင်ခဲ့တာ တလပဲ ရှိပါသေးတယ် ။ ကိုယ့်ရဲ့ ပစ်မှတ်တွေ ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားဖို့ လိုပါတယ် ။ ”
” ပြိုင်ဖက်ကောင်းတွေနဲ့ ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံး အနေအထားမျိုးတွေနဲ့ ကျွန်တော်တို့ အချိန်မီ ရောက်လာနိုင်ရပါမယ် ။ ဒီကလပ်ကို နဂို ထိုက်တန်တဲ့ နေရာဆီ ပြန်ရောက်အောင် ပို့ဆောင်ပေးရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။