ဘီဘီစီရဲ့ pundit ဖြစ်သူ ဂါရက်ကွတ်က ယာဂန်ကလော့ အနေနဲ့ လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ရဲ့ နေရာကို အစားထိုးဖို့ အတွက် လိဒ်ယူနိုက်တက် ကွင်းလယ်လူကို ခေါ်ယူဖို့ စဉ်းစား သင့်တယ်လို့ အကြံပေး လိုက်ပါတယ်။ လီဗာပူး အသင်းခေါင်းဆောင်ဟာ မနေ့ညက အိုင်ယက်ကို အန်ဖီးမှာ ၁-၀ နဲ့ အနိုင်ရရှိ ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လီဗာပူး အတွက် မိနစ် ၉၀ ပြည့် ပါဝင် ကစား ပေးသွားခဲ့ပြီး အန်ဖီး ကလပ်ကို ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက် နိုင်အောင် ကူညီ ပေးခဲ့ ပါတယ်။
ဒါပေမယ့် ဟန်ဒါဆန်ဟာ အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ အပြင် ပြီးခဲ့တဲ့ ရာသီ နှောင်းပိုင်း ကကော ဒီရာသီ မှာပါ ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ ခဲ့ရပြီး လက်ရှိ ရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ လွဲထား ခဲ့တဲ့ အပြင် ချဲလ်ဆီး နဲ့ ပွဲစဉ် တုန်းကလည်း ပထမပိုင်း အပြီးမှာတင် လူစားလဲ ခံခဲ့ ရပါတယ်။ လီဗာပူး အတွက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသ နေပေမယ့်လည်း လာမည့် ရာသီတွေမှာ ဟန်ဒါဆန်ရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပက်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေ ခဲ့ပါတယ်။
တော့တင်ဟမ် နဲ့ ချာတန် တို့အတွက် ပွဲပေါင်း ၅၀၀ ကျော် ကစား ပေးခဲ့တဲ့ ကွတ်က ဟန်ဒါဆန်ရဲ့ နေရာကို အစားထိုး ပေးနိုင်တဲ့ ကစားသမားဟာ Elland Road မှာ ရှိနေတယ်လို့ ယုံကြည် နေပါတယ်။
ကွတ်က “လိဒ်ယူနိုက်တက်ဟာ လက်စတာ နဲ့ ခရစ်စတယ်ပဲလေ့စ် တို့ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ်တွေမှာ ကယ်ဗင်ဖီးလစ်ကို အထူး လိုအပ် ခဲ့ပါတယ်။ ဒါပေမယ့် အဲဗာတန် နဲ့ပွဲစဉ်မှာတော့ ဒီလို မဟုတ် ခဲ့ပါဘူး။ အင်္ဂလန် လက်ရွေးစင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ နာမည် တစ်လုံး တည်ဆောက် ထားနိုင် ခဲ့ပြီး သူဟာ အဲဗာတန် နဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမားတွေ အတွက် တအားကို ထက်မြက်လွန်း ခဲ့ပါတယ်။
ဒီကောင်လေးကို ကြည့်ပြီး မန်ချက်စတာယူနိုက်တက် နဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဘရန်ယန်ရော့ဘ်ဆင် ကို ကျွန်တော် ပြန်လည် အမှတ် ရမိ ခဲ့ပါတယ်။ ဖီးလစ်ဟာ ကွင်းထဲက နေရာ တော်တော်များများကို လက်ခံ ဖြည့်ဆည်း ကစား ပေးနိုင်စွမ်း ရှိပါတယ်။ သူဟာ ဘောလုံး ကိုင်ကစား ရတာတို့ ဘောလုံး ပေးပို့မှု လုပ်တာတို့ကို ကြောက်ရွံ့ခြင်း မရှိပါဘူး။
သူဟာ ပရိတ်သတ်တွေရဲ့ ချက်ချင်း အသိအမှတ် ပြုမှုကို မခံ ခဲ့ရပါဘးူ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့ အမျှ သူဟာ ကွင်းထဲမှာ ဘယ်လောက်တောင် အကျိုးပြု နိုင်စွမ်း ရှိသလဲ ဆိုတာ သဘောပေါက် လာမှာပါ။ ကျွန်တော် ကတော့ သူဟာ ဂျော်ဒန်ဟန်ဒါဆန်ရဲ့ နေရာကို အကောင်းဆုံး အစားထိုး နိုင်တဲ့ ကစားသမား တစ်ဦးလို့ ထင်ပါတယ်။ ကျွန်တော် ဆိုလိုတာက အင်္ဂလန် အတွက် မဟုတ်ပါဘူး။” လို့ ပြောလိုက်ပါတယ်။
ဖီးလစ်ဟာ ဒီရာသီ တန်းတက် လိဒ်ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်မှာ ၇ ပွဲ ကစား ပေးထားခဲ့ပါတယ်။ ဒါ့အပြင် ဖီးလစ်ဟာ အင်္ဂလန် နည်းပြ ဂါရက်ဆောက်ဂိတ်ရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်ပြီး ဒီနှစ်မှာ အင်္ဂလန် အတွက် ၄ ပွဲ ကစားခွင့် ရထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းများ အရ ဖီးလစ်ကို ခေါ်ယူချင်တဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စား နေတယ်လို့ သိရပြီး ၎င်းရဲ့ ပြောင်းရွေ့ကြေးဟာ ပေါင်သန်း ၅၀ ပတ်ဝန်းကျင် ရှိနိုင် ပါတယ်။