PSG အသင်း နည်းပြရာထူးမှထုတ်ပယ်ခံခဲ့ရသည့် သောမတ်စ်တူဟယ်လ်သည် လီဂူး-၁ ပြိုင်ပွဲသမိုင်းတွင် တစ်ပွဲပျမ်းမျှရမှတ်နှင့် အနိုင်ရာခိုင်နှုန်းအများဆုံးနည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ဂျာမနီနိုင်ငံသားနည်းပြ တူဟယ်လ်သည် ၂၀၁၈ ခုနှစ် ဇွန်လတွင် PSG အသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး နှစ်နှစ်ခွဲအကြာ ဒီဇင်ဘာလ (၂၄)ရက်တွင် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။
တူဟယ်လ်(၄၇ နှစ်)သည် ကနဦးတွင် PSG အသင်းနှင့် (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ် နွေရာသီတွင် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။
သို့ဖြစ်ရာ ၎င်း၏စာချုပ်မှာ ၂၀၂၁ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်မပြည့်မီ (၆)လအလိုမှာပင် ထုတ်ပယ်ခံရခြင်းဖြစ်သည်။
တူဟယ်လ်သည် PSG အသင်းအား ကိုင်တွယ်သည့် (၂)ရာသီစလုံး လီဂူး-၁ ချန်ပီယံဆု ဆွတ်ခူးရယူပေးခဲ့ပြီး ပြင်သစ်ဖလားနှင့် ပြင်သစ်လိဂ်ဖလား တစ်ကြိမ်စီ၊ ပြင်သစ်စူပါဖလား (၂)ကြိမ်ရရှိခဲ့သလို ပြီးခဲ့သည့်ရာသီတွင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
၎င်းသည် ယခုရာသီတွင်လည်း မန်ယူ၊ လိုက်ပ်ဇစ်အသင်းတို့ပါဝင်သည့် ချန်ပီယံလိဂ်အုပ်စုကျပ်တွင် အုပ်စုပထမနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အမှတ်ပေးပြိုင်ပွဲ၌ လိုင်ယွန်၊ လိုင်လီအသင်းတို့နှင့် တစ်မှတ်အကွာ တတိယနေရာ ရပ်တည်နေသော်လည်း ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
တူဟယ်လ်သည် နှစ်ရာသီခွဲကာလအတွင်း ပျမ်းမျှနိုင်ပွဲ ရာခိုင်နှုန်း (၇၅.၆)ရာခိုင်နှုန်းရရှိပြီး လီဂူး-၁ သမိုင်းတစ်လျှောက် ရလဒ်အကောင်းဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ တစ်ပွဲပျမ်းမျှရမှတ် (၂.၃၇)မှတ်ရရှိခဲ့ကာ PSG အသင်းနည်းပြဟောင်း အူနိုင်းအမ်မရီနှင့်အတူ ပူးတွဲရမှတ်အများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။