ဘိုင်ယန်ဂန္ထဝင်ဟောင်း လိုသာမာသီးယက်စ်က လာမယ့်ဘွန်ဒက်စ်လီဂါရာသီဟာ ကိန်းအတွက် ပိုခက်ခဲနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်အသင်းနဲ့ပထမရာသီမှာတင် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် ဆုဖလားနဲ့တော့ လွဲချော်ခဲ့ပါတယ်။
ကိန်းဟာ ဘိုင်ယန်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၃၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ယူရိုဖိုင်နယ်မှာ ချန်ပီယံဆုနဲ့လွဲချော်ခဲ့ပြီးနောက် ကိန်းအနေနဲ့ လာမယ့်ရာသီသစ်မှာ ဘိုင်ယန်ကို ဆက်လက်ဦးဆောင်ရဖွယ်ရှိနေပါတယ်။ တော့တင်ဟမ်တိုက်စစ်မှူးဟောင်းဟာ အသက် ၃၁ နှစ်ရှိနေပြီဖြစ်ကာ အနားမယူခင် ဆုဖလားတစ်လုံးတော့ ရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဘိုင်ယန်ဂန္ထဝင်ဟောင်း မာသီးယက်စ်ကတော့ ကိန်းနဲ့ပတ်သက်ပြီး အင်တာဗျူးမှာ “ဘိုင်ယန်ဆုဖလားမရတာက သူ့အမှားမဟုတ်ပါဘူး။ ဒါပေမယ့် ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာက သူစိတ်ကူးမယဉ်နိုင်တဲ့အရာပါ။ အထူးသဖြင့် နိုင်ငံအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုမရတာက သူ့အတွက် စိတ်ပျက်စရာပါ။ နောက်ကျောပြဿနာအပြင် အသင်းခေါင်းဆောင်အနေနဲ့ လူစားလဲခံရတာ ၊ ဖိုင်နယ်မှာ ၂ ကြိမ်ဆက်အရေးနိမ့်ခဲ့တာက သူ့စိတ်ထဲမှာ ပြဿနာရှိနိုင်ပါတယ်။ အင်္ဂလန်အသင်းမှာထက် ဘိုင်ယန်မှာ သူပိုပါဝင်ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် အခုနှစ်က ပိုခက်ခဲနိုင်ပါတယ်။ သူနောက်တစ်ကြိမ် ၃၆ ဂိုးသွင်းယူနိုင်မယ်လို့ မထင်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။
ကိန်းဟာ အသင်းဟောင်း တော့တင်ဟမ်နဲ့ ခြေစမ်းပွဲမှာ ဘိုင်ယန်အတွက် ပါဝင်ပေးခဲ့ပြီး လာမယ့်သြဂုတ်လ ၂၅ ရက်နေ့မှာ ဝုလ်ဘတ်အသင်းနဲ့ဘိုင်ယန်က စတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကိန်းနဲ့ ဘိုင်ယန်တို့ကြား စာချုပ်သက်တမ်းက ၃ နှစ်ကျန်နေသေးတာဖြစ်ပြီး ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့ အချိန်အများကြီးကျန်နေသေးတာဖြစ်ပါတယ်။