သတင်းတွေအရ အယ်လ်ဟီလယ်စတား နေမာတစ်ယောက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင် ပြီးပြည့်စုံတဲ့ပြောင်းရွှေ့မှုလုပ်ဆောင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဘရာဇီးသားဟာ ဆော်ဒီမြေကိုပြောင်းပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးနေရပြီး ၁၂ လကျော်လောက် နားနေရတာဖြစ်ပါတယ်။
အဆိုပါအနေအထားမှာ ဆော်ဒီကလပ်ဘက်ကလည်း လာမယ့် ၂၀၂၅ ဇန်နဝါရီမှာ စာချုပ်ဖျက်သိမ်းဖို့ ပြင်ဆင်နေပါတယ်။
အလွတ်နဲ့ပြောင်းရွှေ့နိုင်မယ့်အနေအထားမှာ နေမာကို အမေရိကမြေက ချိတ်ဆက်နေပြီး ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ ၊ ဆွာရက်ဇ်တို့နဲ့ ပေါင်းဆုံနိုင်ချေရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဆန်းတို့စ်အသင်းကလည်း နေမာကို ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ နေမာဘက်ကတော့ အသင်းဟောင်း ဆန်းတို့စ်ကိုပြောင်းဖို့လည်း လမ်းဖွင့်ထားကာ အသင်းဥက္ကဌ မာဆယ်လိုက အဆိုပါသတင်းတွေကို ငြင်းဆန်ခြင်းမပြုခဲ့တာဖြစ်ပါတယ်။
“လာမယ့်ဇန်နဝါရီ ဒါမှမဟုတ် ဇွန်လမှာ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ လူသိရှင်ကြားမပြောနိုင်သေးပါဘူး။ အခုချိန်မှာတော့ အချက်အလက်တွေက ဘာမဆိုဖြစ်နိုင်ပါတယ်။
၂ ဦး ၂ ဖက်ကြားထဲမှာလည်း နီးစပ်မှုတွေရှိနေပါတယ်။ ခင်ဗျားအနေနဲ့ သူ့ရဲ့ပျော်ရွှင်မှုကို မြင်နိုင်ပါတယ်။ သူက အခုအိမ်ကိုပြန်လာချင်နေပါတယ်။ ဆန်းတို့စ်က သူအနှစ်သက်ဆုံးနေရာပါ။
သူက ဒီနေရာပျော်ပါတယ်။ နေမာအနေနဲ့ ဒီကိုပြောင်းလာမယ်ဆိုရင် အဲ့တာက ကမ္ဘာ့ဖလားအတွက် အကောင်းဆုံးပြင်ဆင်မှုဖြစ်လာနိုင်ပါတယ်”လို့ မာဆယ်လိုက ပြောကြားခဲ့ပါတယ်။
နေမာဘက်ကတော့ အယ်လ်-ဟီလယ်အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့လည်း လမ်းဖွင့်ထားသလို အခြားအသင်းတွေအတွက်လည်း လမ်းဖွင့်ထားတာဖြစ်ပါတယ်။
အသက် ၃၂ နှစ်သားကတော့ သူနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ အသစ်ကနေပြန်လည်စတင်ချင်နေပါတယ်။