PSG နောက်ခံလူသစ်ဖြစ်သူ ရာမို့စ်က အသင်းတိုက်စစ်မှူး ဘာပေအနေဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားသင့်သော်လည်း လာမည့်ရာသီ၌ အသင်းတွင်ဆက်ရှိနေရန်မျှော်လင့်ကြောင်း စပိန်မီဒီယာများနှင့် အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိ ဘာပေသည် ၂၀၂၂ ခုနှစ်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး PSG အသင်းက စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ သဘောတူညီမှုမရရှိသေးကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ဘာပေကို ခေါ်ယူရန် ကာလရှည် ပစ်မှတ်ထားနေပြီး PSG အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ဘာပေအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။
ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်အသင်းနှင့်လမ်းခွဲခဲ့ပြီး PSG အသင်းသို့ ရောက်ရှိလာသူ ရာမို့စ်က ”ဘာပေအနေနဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ကစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရီးယဲလ်က သမိုင်းအရ အကောင်းဆုံးအသင်းဖြစ်လို့ပါ။ ထိပ်တန်းကစားသမားတွေအနေနဲ့ ရီးယဲလ်မှာကစားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်အနေအထားမှာတော့ သူ့ကို ကျွန်တော်ရှိနေတဲ့ PSG မှာပဲ ဆက်ကစားစေချင်ပါတယ်”ဟု ဆိုခဲ့သည်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သူ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် PSG အသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။