ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် လန်ဒန်ကလပ် ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ အသင်းအတွက် လန်ဒန်ဒါဘီ အဝေးကွင်းပွဲစဉ် (၇)ပွဲဆက်တိုက်အနိုင်ရရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယင်းကဲ့သို့ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲများတွင် လန်ဒန်ဒါဘီအဝေးကွင်း(၇)ပွဲဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းမျိုးကို အင်္ဂလန်အမှတ်ပေးပြိုင်ပွဲ (၄)ခုစလုံး၌ မည်သည့် လန်ဒန်ကလပ်အသင်းမျှ စွမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ ချယ်လ်ဆီးအသင်းက ပထမဆုံး စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပို၍ထူးခြားသည်မှာ ချယ်လ်ဆီးအသင်းသည် ယင်းလန်ဒန်ဒါဘီအဝေးကွင်းပွဲစဉ် (၇)ပွဲ၌ ပေးဂိုး (၁)ဂိုး သာရှိခဲ့ကြောင်းလည်း သိရှိရသည်။ ချယ်လ်ဆီးအသင်းသည် ယင်းလန်ဒန်ဒါဘီ အဝေးကွင်းနိုင်ပွဲများအား ၂၀၂၁ ဇန်နဝါရီလတွင် ကစားခဲ့သော ဖူလ်ဟမ် (၀-၁) ချယ်လ်ဆီးပွဲမှစတင်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီးယင်းပွဲတစ်ပွဲသာ ယခင်နည်းပြလမ်းပတ်၏လက်အောက်၌ ကစားခဲ့ခြင်းဖြစ်သည်။
ကျန်လန်ဒန်ဒါဘီ အဝေးကွင်းပွဲစဉ် (၆)ပွဲကို လက်ရှိ ဂျာမန် လူမျိုးနည်းပြ တူဟယ်လ်၏လက်အောက်တွင် ကစားခဲ့ပြီး စပါး၊ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ ဘရန့်ဖို့ဒ်အစရှိသောအသင်းများကို ၎င်းတို့၏ကွင်းများတွင် ဆက်တိုက်အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ်(၈)ကစားပြီးချိန်၌ လန်ဒန်ကလပ်အသင်းများနှင့် အိမ်ကွင်း၊ အဝေးကွင်း (၄)ပွဲဆုံတွေ့ထားပြီး ယင်း(၄)ပွဲစလုံးကို အနိုင်ကစားနိုင်သည့်အပြင် ပေးဂိုးလည်းလုံးဝမရှိခဲ့ပေ။
ဘရန့်ဖို့ဒ်အား အနိုင်ရရှိသောပွဲတွင် ချယ်လ်ဆီးအသင်း၏ဆီနီဂေါလက်ရွေးစင်ဂိုးသမားမန်ဒီက အကောင်းဆုံးလက်စွမ်းပြကာကွယ်မှုများပြုလုပ်နိုင်ခဲ့ပြီး အသင်းအတွက် ယခုရာသီ (၅)ပွဲမြောက် ပရီးမီးယားလိဂ် Clean Sheet ကို ရယူပေးနိုင်ခဲ့သည်။
မန်ဒီသည် ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲထွက် (၃၈)ပွဲကစားပြီးချိန်၌ (၂၀)ပွဲမြောက် Clean Sheet ကိုရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် ပီတာချက် (၂၆ ပွဲ)၊ ရေနာ (၃၂ ပွဲ)၊ အယ်လစ်ဆန် (၃၆ ပွဲ)၊ ကာရိုးလ် (၃၇ ပွဲ) တို့နောက် Clean Sheet ပွဲ (၂၀)ကို ပွဲထွက်ကစားသည့် ပွဲအနည်းဆုံးဖြင့် ရရှိခဲ့သည့် (ပဥ္စမမြောက်) ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။