ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒီရာသီ ရလဒ် မတည်ငြိမ်မှု များနေတဲ့ လက်စတာ အသင်းကို ကင်းပါဝါကွင်းမှာ သက်တောင့်သက်သာ ၀ – ၃ ရလဒ်နဲ့ အနိုင်ရကာ ၊ အမှတ်ပေးဇယား ကို ရမှတ် ၄မှတ် ဖြတ်ပြီး ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပါတယ် ။
အဖွင့်ဂိုး ကို ပထမပိုင်း ပွဲချိန် ၁၄ မိနစ်မှာ ထောင့်ကန်ဘောကနေ တဆင့် ဂျာမန် လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါ က ခေါင်းတိုက် သွင်းယူပေးခဲ့ကာ ၊ နောက် ၁၅ မိနစ် အကြာမှာ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ က တကိုယ်တော် ဆွဲဆွဲပြေးပြေးနဲ့ လှလှပပ ကန်သွင်း အဆုံးသတ်ခဲ့ပြန်လို့ ချဲလ်ဆီးတို့ ဒုတိယ ဦးဆောင်ဂိုး ရခဲ့ပါတယ် ။
တတိယ ဦးဆောင်ဂိုး ကတော့ လူစားလဲမှု ၂ကြိမ် ပြုလုပ်ပြီးမှ ရခဲ့တာ ဖြစ်ပြီး ၊ လူစားဝင် တောင်ပံ ကစားသမား ၂ဦးရဲ့ ချိတ်ဆက်မှုကနေ အမေရိကန် လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ်တီယန် ပူလီဆစ် က အမှားအယွင်း မရှိ ဂိုးသွင်းယူပေးခဲ့ပါတယ် ။
ပူလီဆစ် ဟာ ဒဏ်ရာကြောင့် ချဲလ်ဆီး အတွက် ပြီးခဲ့တဲ့ တလကျော်ကျော်လောက် ကစားပေးနိုင်ခဲ့ခြင်း မရှိပါဘူး ။ မကြာသေးခင်ကမှ ၎င်းဟာ ကြံ့ခိုင်မှု ပြန်ပြည့်အောင် ကြိုးစားနေရပြီး ၊ နောက်ပိုင်း ပွဲအချို့မှာတော့ လူစားဝင်ခွင့်ကနေ ခြေစွမ်းပြန်ပြနိုင်ဖို့ ပစ်မှတ်ထားနေပါတယ် ။
အလားတူ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ဟာလည်း ဒီရာသီမှာ ပုံစံကောင်း ပြသဖို့ ရုန်းကန်ရတာ များပေမယ့် ၊ မနေ့ည က ပွဲက ပူလီဆစ် အတွက် ဂိုးဖန်တီးမှု ဟာ ၎င်းရဲ့ အရင် ခြေစွမ်းဆီ ပြန်လည် တွန်းပို့နိုင်မယ်လို့ မျှော်လင့်ရပါတယ် ။
ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က ယင်း ကြယ်ပွင့် ၂ဦးရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ” ခရစ်တီယန်ရဲ့ သော့ချက်ကျတဲ့ အရည်အသွေး များစွာထဲက တခု ဟာ ဂိုးသွင်းဖို့ အတွက် ပင်နယ်တီ ဧရိယာထဲကို ချိန်သားကိုက် နေရာယူနိုင်ခြင်း ဖြစ်ပါတယ် ။ အထူးသဖြင့် ၆ကိုက်စည်း အတွင်းမှာပေါ့ ။ ”
” ဒါဟာ ထိပ်တန်း အရည်အသွေး တရပ် ဖြစ်ပြီး ၊ ကျွန်တော်တို့လည်း ဒါကို လိုအပ်ပါတယ် ။ အကြိမ်ကြိမ် ပြေးလွှား ကစားနိုင်မှု ၊ ဘောလုံး ခြေထဲ ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ လုပ်အား ရာနှုန်းပြည့် ပေးဆပ်နိုင်မှု စတဲ့ ရှုထောင့်တွေကနေ သူဟာ တခုခု ပေးစွမ်းနိုင်စမြဲ ဖြစ်ပါတယ် ။ ”
” အရေးကြီးတဲ့ အရာ က သူဟာ ဂိုးသွင်းဖို့ အတွက် အမြဲတမ်း ဆာလောင်နေပြီး ၊ ပြိုင်ဖက်ရဲ့ ပင်နယ်တီ ဧရိယာထဲကိုလည်း အချိန်မှီ နေရာယူတတ်ပါတယ် ။ ဂိုးသွင်းနိုင်ဖို့ အတွက် ကျွန်တော်တို့ဟာ ကစားသမားတွေကို ပြိုင်ဖက် ပင်နယ်တီ ဧရိယာမှာ ရှိစေချင်ပါတယ် ။ ”
” ကိုဗစ် နဲ့ ဒဏ်ရာ ပြဿနာတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီးနောက် ၊ အခုလို သူ ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာနိုင်တာကို ကျွန်တော် ဝမ်းသာ ပျော်ရွှင်မိပါတယ် ။ နောက်ပြီး ဂိုးဖန်တီးမှု တကြိမ် လုပ်နိုင်ခဲ့တဲ့ ဟာကင် အတွက်လည်း ကျွန်တော် ပျော်ရွှင်နေပါတယ် ။ မနေ့ည က ပွဲမှာ သူဟာ လူစားဝင်ခွင့်ထက် ပွဲထွက်ခွင့်နဲ့ ပိုပြီး ထိုက်တန်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။