ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၅ပွဲအထိ နိုင်ပွဲ ပျောက်ဆုံးခဲ့သလို ၊ အမှတ်ပေးဇယား ရပ်တည်မှု မှာလည်း အဆင့် ၉ နေရာ အထိ ဆင်းပေးခဲ့ရပြီး ၊ ကစားသမား တွေဟာလည်း တပွဲထက် တပွဲ ယုံကြည်မှုတွေ လျော့နည်းလာခဲ့ပါတယ် ။
ဒီရာသီ ကစားသမားသစ် ခေါ်ယူမှုတွေ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၂၀ ကျော် သုံးစွဲထားတဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ဟာလည်း လွန်ခဲ့တဲ့ တလခန့်က ၁၇ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်း ပိုင်ဆိုင်စဉ်ကထက်တော့ ခရီးလမ်း က အခုအချိန်မှာ ဘယ်လိုမှ ဖြောင့်ဖြူးမနေတော့ပါဘူး ။
ဒီအတွက်ကြောင့် လမ်းပတ် အနေနဲ့ မဝေးတော့တဲ့ ကာလအတွင်း ၊ နိုင်ပွဲတွေ ပြန်လည် စွမ်းဆောင်ပေးဖို့ ၊ အသင်းသား တွေရဲ့ ယုံကြည်မှုတွေကို မြှင့်တင်ပေးဖို့ အစွမ်းကုန် ကြိုးစားရပါတော့မယ် ။ တဖက်မှာ နိုင်ပွဲတွေ ဆက်ခဲ့စဉ်တုန်းက အရန် အင်အား တောင့်တင်းလှတဲ့ ချဲလ်ဆီး အသင်း မှ ကစားသမား အားလုံး ကို ပျော်ရွှင်အောင် ထားဖို့ လွယ်ကူခဲ့ပါတယ် ။
လတ်တလော ရလဒ်ဆိုးတွေကြောင့် ၊ ပွဲထွက် ၁၁ယောက် ထက် ၊ ကစားခွင့် ရရှိမှု နည်းပါးနေတဲ့ သူတွေကို ပျော်ရွှင်အောင် ထားဖို့ ပိုမို ခက်ခဲမှာ သေချာပါတယ် ။ ဒီအချက် နဲ့ ပတ်သက်ပြီး လမ်းပတ် က မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။
လမ်းပတ် က ” ပထမဆုံး ကျွန်တော် ထောက်ပြချင်တဲ့ အချက် ကတော့ ခင်ဗျား ဟာ ကျွန်တော့ လိုပဲ ကြီးမားတဲ့ ကစားသမား အင်အား ကို ပိုင်ဆိုင်ထားတဲ့အခါ ၊ ပွဲထွက်ခွင့် ပေးရမယ့် ကစားသမားတွေထက် ၊ ကစားခွင့် မရတဲ့ ကစားသမားတွေက ပိုများနေတဲ့ သဘောကို သက်ရောက်သွားပါတယ် ။ ”
” ဒီ အနေအထား မှာ ကစားသမားတိုင်း ကို ပျော်ရွှင်အောင် ထားဖို့ ခက်ခဲတယ် ဆိုတာ လူသား တယောက် အတွက် ပုံမှန်ပါပဲ ။ ကျွန်တော်လည်း ဒီအတွက် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရတာပါပဲ ။ အခု ခင်ဗျားတို့ တောင်းဆိုနေတာ က ကစားခွင့် မရတဲ့ အသင်းသား တွေကို နေ့စဉ်နေ့တိုင်း ပြုံးပျော်နေတဲ့ မျက်နှာထားတွေနဲ့ တုန့်ပြန်ဖို့ကို ပြောနေသလိုပါပဲ ။ ဒါက လုံးဝ မဖြစ်နိုင်ပါဘူး ။ ”
” ဒါဟာ တခြား အလုပ်တွေမှာလည်း ဆိုလိုရင်း အတူတူပါပဲ ။ ဥပမာ – ဂျာနယ်လစ် တဦး ဟာ တပတ်လုံး သူ့ရဲ့ အင်တာဗျူး အလုပ်ဖြစ်ဖို့ သတင်း အချက်အလက်တွေ ပင်ပင်ပန်းပန်း ရှာဖွေ စုဆောင်းခဲ့ပေမယ့် ၊ တကယ်တမ်း တခြား တယောက် က ဒီ အင်တာဗျူးမှာ ဝင်ရောက် အစားထိုးသွားတယ် ဆိုရင် အဲ့ဒီ ဂျာနယ်လစ် လည်း နာကျင် ခံစားရမှာပါပဲ ။ ”
” ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ ၊ စိန်ခေါ်မှုတွေ က ကျွန်တော် နဲ့ ကစားသမားတွေ အတွက် အမြဲတမ်း မြင့်မားတတ်ပါတယ် ။ ဒီ အနေအထားမျိုးမှာ ကိုယ်ဘာလုပ်ပြနိုင်တယ် ဆိုတာ နည်းနည်းပါးပါး ထုတ်ပြနိုင်တယ် ဆိုရင် ၊ ဒါဟာ အပေါင်း လက္ခဏာ ဆောင်သလို ၊ ဒီ ကစားသမား တွေဟာ အသင်းမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်တယ် ဆိုတာ ပြသနေတာပါပဲ ။ ”
” ကစားသမားတွေဟာ မှန်ကန်တဲ့ နည်းလမ်း နဲ့ လေ့ကျင့်မယ် ၊ ပြုမူတုန့်ပြန်မယ် ဆိုရင် ၊ သူတို့ဟာ အသင်းမှာ ပုံမှန် ကစားခွင့်ရမယ် ၊ အသင်း ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်လာမှာပါပဲ ။ ဒါဟာ ကြီးမားတဲ့ ကစားသမား အင်အား နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်း တခုပဲ ဖြစ်ပါတယ် ။ ”
” ကိုယ့်ကိုယ်ကို ပြောရရင်တော့ ၊ ကျွန်တော် ဟာ ဒီ အလုပ်ကို စတင် လက်ခံပြီးကတည်းက ၊ ဖိအားဒဏ် ကို အမြဲတမ်း မျှော်လင့်ထားပြီးသားပါ ။ ပုဂ္ဂိုလ်ရေး အချက်အလက် အရ ကျွန်တော့မှာ ထူးဆန်းတဲ့ အမူအကျင့် တချို့ ရှိပါတယ် ။ ဥပမာ – ရလဒ်တွေ ကောင်းနေပြီး ၊ အရာရာ အဆင်ပြေနေတဲ့ အချိန်မှာတောင် ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို ပိုပြီး ဖိအားပေးတတ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဟာ ဘေးပတ်ဝန်းကျင် က အရာတွေ အတွက် ၊ ကိုယ့်ကိုယ်ကို ကျေနပ်နေတာကို စိတ်ပူတတ်လို့ပါ ။ ”
” ရှုူံးပွဲမရှိ မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့စဉ်က ကျွန်တော် ဟာ လူတွေရဲ့ ချီးကျူးမှု ကနေ တဆင့် ဖိအားတွေအောက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ် ။ အခုတော့ ကျွန်တော် ဟာ ပိုကောင်းတဲ့ နည်းလမ်း တလမ်း နဲ့ ပိုမို ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ့် အခြေအနေ ကို ရောက်နေပါပြီ ။ ”
” အခုဆို ကျွန်တော် ဟာ အသင်း အတွင်း က ကစားသမား နဲ့ နည်းပြ အဖွဲ့ဝင် တဦးချင်း အပြင် ၊ ကိုယ့်ရဲ့ အကြောင်းကိုပါ သေသေချာချာ လေ့လာ ရှာဖွေလို့ ရလာပါပြီ ။ ဒါဟာ ကျွန်တော့ ရဲ့ အလုပ် ကို ပိုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်စေပါတယ် ။ လက်ရှိ ဖြစ်ပျက်နေတဲ့ ရလဒ်ပိုင်း အရ ဖိအားဒဏ် က အရင်ကထက် မြင့်မားလာတာကို ကျွန်တော် နားလည်ပါတယ် ။ ”
” ဒါပေမယ့် ကျွန်တော် ဟာ ကိုယ်လုပ်ရ အရာတွေကို လုပ်ရရင် နှစ်သက်သလို ၊ ဒီ အလုပ် ကိုလည်း လွယ်ကူမယ် လို့ ဘယ်တော့မှ မမျှော်မှန်းခဲ့ပါဘူး ။ ကျွန်တော် ဟာ ပြန်လည် တည်ဆောက်နေဆဲ ကမ္ဘာ့ အဆင့် အသင်းကြီး တသင်း မှာ ရှိနေပါတယ် ။ ခုနက ပြောခဲ့သလိုပဲ ၊ ဒါဟာ ဘယ်လိုမှ လွယ်ကူမှာ မဟုတ်သလို ၊ ဒီလို အခက်အခဲတွေကိုလည်း ကျွန်တော် အမြဲ မျှော်မှန်းထားပြီးသားပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။