ရီးယဲလ်အသင်း၏ ဂျာမန်ကွင်းလယ်လူ တိုနီကရို့စ် (၃၁ နှစ်)က မိမိအနေဖြင့် ရီးယဲလ်အသင်းတွင်သာ ကစားသမားဘဝကုန်ဆုံးလိုပြီး ဘောလုံးလောကမှ အနားယူလိုကြောင်း ပြောကြားခဲ့သည်။
တိုနီကရို့စ်သည် ရီးယဲလ်အသင်းတွင် ပိုမိုအားစိုက်ကစားပေးလိုသဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် လက်ရွေးစင်အသင်းမှ အနားယူခဲ့သူဖြစ်ပြီး အသင်းနှင့် သူ၏စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၃ ခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်သည်။
တိုနီကရို့စ်က ”ကျွန်တော့်အနေနဲ့ သံသယဖြစ်ဖွယ်မရှိ ပြောကြားလိုတာက ရီးယဲလ်အသင်းမှာ ကစားသမားဘဝအနားယူမယ်ဆိုတာပါပဲ”ဟု ဂျာမန်သတင်းစာ Bild သို့ ဖြေကြားခဲ့သည်။
တိုနီကရို့စ်သည် ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၁၀၆)ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နည်းပြ ယော်ကင်လိုးတစ်ဦးတည်း၏ လက်အောက်တွင်သာ လက်ရွေးစင်ကစားသမားဘဝကို ဖြတ်သန်းခဲ့ခြင်းလည်းဖြစ်သည်။
တိုနီကရို့စ်သည် ၂၀၁၀ ခုနှစ်တွင် ဂျာမနီလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး (၁၁)နှစ်ကြာကစားခဲ့ခြင်းဖြစ်သော်လည်း အသက်(၃၁)နှစ်သာရှိသေးသည့်အတွက် အနားယူရန်ဆုံးဖြတ်ခဲ့ခြင်းမှာ ဂျာမနီအသင်း၏နည်းပြအပြောင်းအလဲကြောင့်ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။
တိုနီကရို့စ်ကမူ ယခုပြိုင်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် အချိန်အတန်ကြာကတည်းက ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဆိုခဲ့သည်။
”ကျွန်တော် ဂျာမနီအသင်းအတွက် (၁၀၆)ပွဲ ကစားပေးခဲ့ပြီးပါပြီ။ ကာတာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မကစားတော့ဘူးလို့ စဉ်းစားထားပြီးသားပါ။ ယူရိုပြိုင်ပွဲအပြီးမှာ အနားယူဖို့ အစောပိုင်းကတည်းက ဆုံးဖြတ်ထားပြီးသားပါ။ ဆုဖလားတစ်ခု၊ ပွဲပေါင်း(၁၀၉)ပွဲနဲ့ အဆုံးသတ်ချင်ခဲ့တာပါ။ ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလဲဆိုတော့ ရီးယဲလ်အသင်းအတွက်ပဲ အာရုံစိုက်ချင်လို့ပါ။ ပြီးတော့ ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်အနေနဲ့ ဇနီးနဲ့ ကလေး(၃)ယောက်အတွက်လည်း ပိုပြီးအချိန်ပေးချင်ပါတယ်။ ဂျာမနီအသင်းရဲ့ဝတ်စုံကို အချိန်အကြာပြီး ဝတ်ဆင်ခွင့်ရခဲ့တာ ကျွန်တော့်ဘဝအတွက် ကြီးကျယ်ခမ်းနားတဲ့ ဆုလာဘ်တစ်ခုပါ”ဟု တိုနီကရို့စ်က ဆိုခဲ့သည်။
ထို့ပြင် နည်းပြ ယော်ကင်လိုးကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်။