ချဲလ်ဆီး အသင်းဟာ တမြန်နေ့ကပဲ ပြီးခဲ့တဲ့ စက်တင်ဘာလက ၅နှစ် စာချုပ် ၊ ရေရှည်စီမံကိန်းနဲ့ ခေါ်ယူခန့်အပ်ထားတဲ့ ဂရေဟမ် ပေါ်တာကို နည်းပြ ရာထူးကနေ တရားဝင် ဖယ်ရှားခဲ့ပါတယ် ။ ၂၀၂၃ မှာ ပရီးမီးယားလိဂ် နိုင်ပွဲ ၃ပွဲပဲ စွမ်းဆောင်ပေးထားနိုင်တဲ့ ပေါ်တာ အတွက် ချဲလ်ဆီး နည်းပြ ရာထူးမှာ ဆက်ရှိဖို့ မလုံလောက်ခဲ့ပါဘူး ။
စနေနေ့က ပွဲမှာ အက်စတွန် ဗီလာကို ၀ – ၂ ရလဒ်နဲ့ အရေးမနိမ့်ခင်ကတည်းက ၄င်းကို ထုတ်ပယ်ခဲ့လို့ ရတဲ့ ပွဲတွေ ရှိခဲ့ပေမယ့် ၊ အဆင့် ၁၁ ဆင်းသွားစေတဲ့ ထိုရလဒ်က ချဲလ်ဆီး ပိုင်ရှင်သစ်တွေရဲ့ သည်းခံနိုင်စွမ်းကို ကုန်ခမ်းသွားစေခဲ့ပါတယ် ။
အခုအခါမှာတော့ ချဲလ်ဆီး ဘုတ်အဖွဲ့ဝင်တွေဟာ ၄င်းရဲ့ နေရာကို အသင်းနဲ့ သင့်လျော်မယ်လို့ ထင်ရတဲ့ နည်းပြသစ် တဦးနဲ့ အလျင်အမြန် အစားထိုးဖို့ ကြိုးပမ်းနေပြီး ၊ အနည်းဆုံး နည်းပြ ၅ဦး အထိ အင်တာဗျူးဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဂရေဟမ် ပေါ်တာဟာ ဖိအားများတဲ့ ချဲလ်ဆီး နည်းပြ ရာထူးမှာ ဆက်မနေချင်တော့တာကြောင့် အလုပ်ထုတ်ပေးဖို့ ဘုတ်အဖွဲ့ထံ ကိုယ်တိုင် သွားပြောခဲ့တယ်လို့ ထင်မြင်ချက်ပေးရင်း ၊ ၄င်းရဲ့ နေရာကို အသင်းလက်မဲ့ ဖြစ်နေသလို ၊ အသင်းဟောင်း တော့တင်ဟမ်ကို ငြင်းထားတဲ့ မော်ရစ်စီယို ပိုချက်တီနိုနဲ့ အစားထိုးဖို့ ချဲလ်ဆီးထံ အကြံပြုသွားပါတယ် ။
Sky Sports ရဲ့ MNF အစီအစဉ်မှာ နဗီးလ် က ” ဂရေဟမ် ပေါ်တာဟာ လူကောင်း တဦးပါ ။ ရာထူးက အထုတ်ခံရပြီးပြီးချင်း အိမ်တန်းပြန်လိုက်တာက သူ့အတွက် စိတ်သက်သာရာရစေမယ် ဆိုတာ ကျွန်တော် လောင်းရဲပါတယ် ။ ချဲလ်ဆီးမှာ သူ ပျော်နေခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး ။ ဒါကြီးက ရူးလောက်စရာကောင်းတယ်လို့ သူ ထင်လိမ့်မယ် ဆိုတာ ကျွန်တော် လောင်းရဲပါတယ် ။ ”

” သူကိုယ်တိုင်လည်း ဒီအသင်းရဲ့ နောက်ကွယ်က အခြေအနေကို ကောင်းကောင်း သိခဲ့ပါလိမ့်မယ် ။ သူတို့ဟာ ပီတာချက်နဲ့ မာရီနာ ဂရာနော့ဗ်စကိုင်ယာတို့ကို ဒီရာသီ အစပိုင်းမှာပဲ ဆုံးရှုံးခဲ့ရပါတယ် ။ ဒါက ကြိုစီစဉ်ထားခဲ့တာလည်း မဟုတ်ပါဘူး ။ နောက်တော့ သူတို့ တူချယ်ကို ဆုံးရှုံးခဲ့ရပါတယ် ။ ဒါကလည်း ကြိုဇာတ်တိုက်ထားတာ မဟုတ်ပါဘူး ။ ”

” ပေါ်တာဟာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နေတဲ့ ဒီကလပ်ကို ဝင်လာခဲ့တာပါ ။ တော့ဒ်ဘိုလီနဲ့ ပိုင်ရှင်သစ်တွေဟာ ဝုန်းဒိုင်းကြဲပြီး ငွေပေါင်သန်းရာနဲ့ချီပြီး ကစားသမားသစ် များစွာ ခေါ်ခဲ့ပါတယ် ။ ရှင်းရှင်းပြောရရင် သူတို့ဟာ ကိုယ်ဘာလုပ်နေလဲ ဆိုတာတောင် ကိုယ်မသိကြပါဘူး ။ သူတို့ဟာ ဘောလုံးနဲ့ ပတ်သက်ပြီး သင်ယူနေဆဲပဲ ရှိပါတယ် ။ ”
” ဒီလူတွေ ရူးများရူးနေကြသလား ဆိုပြီး ဂရေဟမ် ပေါ်တာ တွေးကောင်းတွေးခဲ့မိပါလိမ့်မယ် ။ သူကိုယ်တိုင်က ပေါလ်ဝင်စတန်လီဆီ သွားပြီး ‘ ငါ့ကို ဒီကနေ ထုတ်သွားပါတော့ ‘ ဆိုပြီး သွားပြောခဲ့တယ်လို့ ကျွန်တော် သင်္ကာမကင်း ဖြစ်မိပါတယ် ။ ”
” ချဲလ်ဆီးနဲ့ တော့ဒ်ဘိုလီတို့ဖက်ကတော့ ‘ ငါတို့ ပေါင်သန်း ၆၀၀ကျော် သုံးပေးထားပြီး ၊ အထောင်တိုက်စစ်မှူး ကလွဲပြီး ကျန်တဲ့ နေရာတွေမှာ နောက်ထပ် ၃နှစ်စာလောက် ဖြည့်ထားပေးတယ် ‘ လို့ ပြောကြမှာပါ ။ ”
” အကယ်၍ သူတို့သာ ဇီဒန်း ၊ ဆီမြွန်နီ ၊ အင်းနရစ်တို့ကို ခေါ်မယ်ဆိုရင် ဒီမန်နေဂျာတွေကလည်း ပေါင်သန်း ၃၀၀ သုံးခွင့် ထပ်လိုချင်ကြမှာပါ ။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက်ရှိ ကစားသမားတွေထဲက တချို့တဝက်ကို သဘောကျကြမှာ မဟုတ်လို့ပါပဲ ။ ”

” သူတို့ အနေနဲ့ လက်ရှိ အသင်းကို တိုးတက်အောင် လုပ်ပေးပြီး ၊ ဒါနဲ့ပဲ ကျေနပ်တင်းတိမ်တဲ့ နည်းပြမျိုး ခန့်အပ်ရပါမယ် ။ ကစားသမား အများစုက လူငယ်တွေ ဖြစ်ကြတာမို့ ကျွန်တော်ကတော့ ပိုချက်တီနိုက နည်းပြသစ် ဖြစ်လာသင့်တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။