နာမည်ကျော် ဘက်စကတ်ဘောသမား ကိုဘီဘရိုင်ယန်ကို ကွယ်လွန်စေခဲ့သည့် ၂၀၂၀ ရဟတ်ယာဉ်ပျက်ကျမှုတွင်ပါဝင်ခဲ့သော သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များက ရဟတ်ယာဉ်ကုမ္ပဏီကို စုပေါင်းတရားစွဲဆိုမှုသည် အနိုင်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ဖက်ဒရယ်တရားရုံးချုပ်က ကိုဘီဘရိုင်ယန်နှင့် သမီးငယ်အပါအဝင် အခြား (၇)ဦး၏ မိသားစုဝင်များအနေဖြင့် ရဟတ်ယာဉ်၏ ချို့ယွင်းမှုကြောင့်ဖြစ်ပေါ်ခဲ့သည့် ယင်းကိစ္စအတွက် လျော်ကြေးငွေရရှိသင့်သည်ဟု ဆုံးဖြတ်ခဲ့ပြီး ပေးချေရမည့် လျော်ကြေးငွေပမာဏကိုမူ မိသားစုဝင်များဘက်မှ လုံးဝလျှို့ဝှက်ပေးထားရမည်ဖြစ်ကြောင်းလည်း အမိန့်ချမှတ်ခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျပြီးနောက် ပြန်လည်စစ်ဆေးသည့်မှတ်တမ်းများအရ မောင်းနှင်သူ၏ပေါ့ဆမှုကို တွေ့ ရှိခဲ့ရပြီးနောက် ကိုဘီဘရိုင်ယန်၏ ဇနီးသည်ဖြစ်သူ ဗန်နက်ဆာဘရိုင်ယန်သည် သူ၏ ဆုံးရှုံးနစ်နာမှုအတွက် ကုမ္ပဏီကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ပြီး အခြား မိသားစုဝင်များကိုလည်း စည်းရုံးနိုင်ခဲ့ခြင်းဖြစ်သည်။
ဗန်နက်ဆာဘရိုင်ယန်ဦးဆောင်သည့် မိသားစုဝင်များက ရဟတ်ယာဉ်ကုမ္ပဏီသည် ၎င်းတို့၏ဝန်ထမ်းကို သေသေချာချာ လေ့ကျင့်ပေးခဲ့ခြင်းမရှိဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီဘက်ကမူ မူလက တာဝန်ခံပေးရန် ငြင်းဆန်ကာ မတော်တဆမှုတစ်ခုသက်သက်သာဖြစ်သည်ဟု အကြောင်းပြခဲ့သည်။
ဖေဖော်ဝါရီလတွင်မူ NTSB(National Transpotation Safety Board) က ယခု ရဟတ်ယာဉ်ပျက်ကျမှု၏ အဓိကအကြောင်းအရင်းခံမှာ တိမ်အလွန်ထူထပ်နေလျက်နှင့် ဖြတ်သန်းမောင်းနှင်ရန် ကြိုးစားခဲ့သည့် ယာဉ်မောင်းဖြစ်သူ ဇိုဘာယန်၏ အမှားအယွင်းကြောင့် ဖြစ်နိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယင်းမှာ ဖက်ဒရယ်စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိကြောင်းလည်း သိရှိရသည်။
ဇိုဘာယန်သည် Island Express Helicopters ၏ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကိုဘီဘရိုင်ယန်၏ မိသားစုခရီးစဉ်များစွာတွင် မောင်းနှင့်ပေးခဲ့ဖူးသူလည်းဖြစ်သည်။
အမှုကို ကာလအတန်ကြာ စစ်ဆေးခဲ့ပြီးနောက် တရားရုံးက တရားလိုဘက်ကို အနိုင်ပေးခဲ့ခြင်းဖြစ်ကာ ရဟတ်ယာဉ်ကုမ္ပဏီဘက်က တောင်းဆိုသည့် လျော်ကြေးငွေပမာဏကို လျှို့ဝှက်ထားပေးရန်ကိစ္စကိုမူ လိုက်လျောပေးခဲ့ခြင်း လည်းဖြစ်သည်။
ယင်းရဟတ်ယဉ်သည် Sikorsky ကုမ္ပဏီ၏လက်အောက်ရှိ Island Express Helicopters ကုမ္ပဏီ၏ ရဟတ်ယာဉ်ဖြစ်ပြီး ကုမ္ပဏီဘက်ကလည်း ဖက်ဒရယ်တရားရုံး၏အမိန့်ကိုလက်ခံကာ မိသားစုဝင်အားလုံး၏ ဆုံးရှုံးနစ်နာမှုများအတွက် တောင်းပန်ပါကြောင်း ပြောကြားခဲ့သည်။
ကိုဘီဘရိုင်ယန်၏ ဇနီးသည်ဖြစ်သူ ဗန်နက်ဆာဘရိုင်ယန်သည် နှစ်နှင့်ချီကြာမြင့်သည့် ယင်းအမှုတွင် အနိုင်ရရှိပြီးနောက် အခြားတရားစွဲဆိုထားသည့် အမှုများကိုလည်း ဆက်လက်ရင်ဆိုင်သွားဦးမည်ဖြစ်သည်။
အခြားအမှုများမှာမူ ဖြစ်စဉ်ဓာတ်ပုံများ၊ ယင်းဖြစ်ရပ်တွင် ကွယ်လွန်ခဲ့သူများ၏ဓာတ်ပုံများကို ခွင့်ပြုချက်မရှိဘဲ မျှဝေခဲ့သည့် လော့စ်အင်ဂျလိစ်ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို တရားစွဲဆိုထားခြင်းဖြစ်သည်။