ဥရောပ(၁၁)နိုင်ငံရှိ မြို့(၁၁)မြို့တွင် ကျင်းပလျက်ရှိသည့် ယူရို-၂၀၂၀ ပြိုင်ပွဲ၏ အုပ်စုပွဲစဉ် (၁၂) ပွဲအပြီးမှာပင် Own Goal စံချိန်တင်ခဲ့သည့် ယူရို- ၂၀၁၆ ပြိုင်ပွဲတွင်သွင်းယူခဲ့သည့် Own Goal (ကိုယ့်ဂိုးကိုယ် ပြန်သွင်းယူမိသည့်ဂိုး)အရေအတွက်နှင့် တူညီသွားခဲ့ကြောင်း သိရှိရသည်။
ဇွန်လ (၁၅)ရက်တွင် ယူရို-၂၀၂၀ ပြိုင်ပွဲ၏ (၁၂)ပွဲမြောက်ပွဲစဉ်ဖြစ်သည့် အုပ်စု (F) ပွဲစဉ် ပြင်သစ်-ဂျာမနီပွဲကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကစားခဲ့သည်။
ပြင်သစ်အသင်းသည် အဆိုပါပွဲစဉ်တွင် (၂၀)မိနစ်၌ ဂျာမနီနောက်ခံလူ ဟမ်းမဲလ်၏ ကိုယ့်ဂိုးကိုယ်ပြန်လည်သွင်းယူမိခဲ့သည့်ဂိုးကြောင့်(၁-၀)ဂိုး ဖြင့် အနိုင်ရခဲ့သည်။
ဟမ်းမဲလ်၏Own Goalမှာ ယူရို-၂၀၂၀ တွင် (၃)ဂိုးမြောက် Own Goal ဖြစ်ခဲ့ပြီး ယင်းမှာ Own Goal စံချိန်တင်ခဲ့သည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် သွင်းယူခဲ့သည့် Own Goal စံချိန်(၅၁ ပွဲ – Own Goal ၃ ဂိုး) နှင့် တူညီခဲ့ခြင်းဖြစ်သည်။
ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဟမ်းမဲလ်မတိုင်မီ ဇွန် (၁၁)ရက်က ကစားခဲ့သည့် တူရကီ (၀-၃) အီတလီ ပွဲတွင် တူရကီနောက်ခံလူ ဒီမီရယ်လ်၊ ဇွန် (၁၄) ရက် က ကစားခဲ့သည့် ပိုလန်(၁-၂)ဆလိုဗက်ကီးယားပွဲ တွင် ပိုလန်ဂိုးသမား ဆဇက်ဆနီတို့က Own Goal များ သွင်းယူခဲ့ကြသည်။
ဒီမီရယ်လ်မှာ ယူရိုပြိုင်ပွဲတစ်လျှောက် အဖွင့်ပွဲတွင် အဖွင့်ဂိုးကို Own Goal သွင်းသူအဖြစ်ပါ မှတ်တမ်းဝင်ခဲ့သည်။
ယူရိုပြိုင်ပွဲအလိုက် Own Goal သွင်းယူမှု
ပြိုင်ပွဲ Own Goal
ယူရို-၁၉၇၆ ၁
ယူရို- ၁၉၉၆ ၁
ယူရို- ၂၀၀၀ ၁
ယူရို- ၂၀၀၄ ၂
ယူရို- ၂၀၁၂ ၁
ယူရို- ၂၀၁၆ ၃
ယူရို- ၂၀၂၀ ၃