ယူရို ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ပေါ်တူဂီ အသင်းကတော့ ဒီနှစ် ပြိုင်ပွဲ ကနေ လက်ပြ နှုတ်ဆက် ခဲ့ရပါပြီ ။ အုပ်စု F မှာ တတိယ ရခဲ့ပြီး အကောင်းဆုံး တတိယ အသင်းတစ်သင်း အဖြစ်နဲ့ နောက်တစ်ဆင့် တက်လာခဲ့တဲ့ ပေါ်တူဂီ ဟာ ၁၆ သင်း အဆင့်မှာတော့ ဘယ်လ်ဂျီယံ ကို အရေးနိမ့်ကာ အိမ်ပြန် ခဲ့ရတာပဲ ဖြစ်ပါတယ် ။ အခုအချိန် ဆိုရင်တော့ ပေါ်တူဂီ ကစားသမားတွေဟာ နွေရာသီ အားလပ်ရက် အတွက် ပြင်ဆင် နေကြ လောက်ပါပြီ ။
ပေါ်တူဂီ အိမ်ပြန် ခဲ့ရပေမယ့် ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ပြိုင်ပွဲ ကနေ မျှော်လင့်စရာ ရှိနေ ပါသေးတယ် ။ အဲ့ဒါ ကတော့ ရွှေဖိနပ် ဆုပါပဲ ။ ရိုနယ်ဒို ဟာ အုပ်စု ပွဲစဉ် ၃ ပွဲ စလုံးမှာ ဂိုး သွင်းနိုင်ခဲ့ပြီး ယူရို ရဲ့ စံချိန်ကို ရယူ ခဲ့သလို အလီဒါယီ ရဲ့ နိုင်ငံတကာ လက်ရွေးစင် သွင်းဂိုး အများဆုံး စံချိန်နဲ့လည်း တူညီ သွားခဲ့ ပါတယ် ။
ရိုနယ်ဒို ဟာ ဟန်ဂေရီ နဲ့ ပွဲမှာ ၂ ဂိုး ၊ ဂျာမနီ နဲ့ ပွဲမှာ ၁ ဂိုး ၊ ပြင်သစ် နဲ့ ပွဲမှာ ၂ ဂိုး သွင်းယူ နိုင်ခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၅ ဂိုး နဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံး ကနေ ဦးဆောင် နေခဲ့ ပါတယ် ။ သူ့ရဲ့ နောက်မှာတော့ ၄ ဂိုး သွင်းသူတွေ ရှိနေကြပေမယ့် အားလုံးနီးပါး အိမ်ပြန် ခဲ့ကြရ ပါပြီ ။
ဆွီဒင် အတွက် ဂိုးတွေ သွင်းပေး နေတဲ့ အီမီလ် ဖော့စ်ဘတ် ၊ ပြင်သစ် တိုက်စစ်မှူး ဘန်ဇီးမား တို့ဟာ ၄ ဂိုးစီ သွင်းပေး ထားကြပေမယ့် သူတို့ အသင်းတွေ ပြိုင်ပွဲကနေ ထွက်ခွာ သွားကြပါပြီ ။ ရိုနယ်ဒို ရဲ့ ရွှေဖိနပ်ကို အခြိမ်းခြောက် နိုင်ဆုံးလို့ သတ်မှတ် ထားတဲ့ လူကာကူ ဟာလည်း မနေ့ညက အီတလီ နဲ့ ပွဲမှာ ၁ ဂိုး သွင်းပေး နိုင်ခဲ့ပေမယ့် ၂-၁ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် နောက်ထပ် ဂိုးတွေ သွင်းယူနိုင်တော့မှာ မဟုတ်ပါဘူး ။
လက်ရှိ မှာတော့ ရိုနယ်ဒို နဲ့ လက်တစ်ကမ်း အကွာမှာ ရှိနေတဲ့ ရွှေဖိနပ်ဆု အတွက် အခြိမ်းခြောက် နိုင်ဆုံး ကစားသမား ကတော့ ချက် တိုက်စစ်မှူး ပက်ထရစ်ရှစ် ပါပဲ ။ ပက်ထရစ် ရှစ် ဟာ ယူရို မှာ ၄ ဂိုး သွင်းယူ ထားပြီး ဒီကနေ့ညမှာတော့ သူ့ရဲ့ အသင်းဟာ ဒိန်းမတ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။
ဒါ့အပြင် ၃ ဂိုး သွင်းထားတဲ့ အင်္ဂလန် တိုက်စစ်မှူး စတာလင် ဟာလည်း ဗိုလ်လုပွဲ အထိ တက်ရောက် နိုင်မယ် ဆိုပါက ၃ ပွဲ ကစားဖို့ ကျန်ရှိ နေနိုင်တာကြောင့် ရိုနယ်ဒို ရဲ့ ၅ ဂိုး ကို ကျော်ဖြတ် သွားဖို့ အခွင့်အရေး ရှိလာနိုင် ပါတယ် ။ ဒါပေမယ့် ရိုနယ်ဒို မှာ ပက်ထရစ်ရှစ် ၊ စတာလင် တို့ထက် အားသာနေတဲ့ အချက် ၂ ခု ရှိနေပါတယ် ။
အဲ့ဒါတွေ ကတော့ ဂိုးဖန်တီးမှု နဲ့ ကစားတဲ့ မိနစ် တို့ပါပဲ ။ အရင်တုန်းကတော့ ယူရို ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုတွေကို ဂိုးအရေအတွက် တူသူတွေရှိတိုင်း ပူးတွဲဆု အဖြစ် ချီးမြှင့် ခဲ့ကြပါတယ် ။ ဒါပေမယ့် ယူရို ၂၀၀၈ က စတင်ပြီး သွင်းဂိုး တူနေခဲ့ပါက ( ၁ ) ဂိုးဖန်တီးမှု ၊ ( ၂ ) ကစားခဲ့တဲ့ မိနစ် တွေနဲ့ ပြန်လည် ချိန်ထိုးပြီး ဆုံးဖြတ် လာခဲ့ကြပါတယ် ။
ဒါကြောင့် ယူရို ၂၀၀၈ မှာ ၃ ဂိုး သွင်းသူတွေ များပြား ခဲ့ပေမယ့် စပိန် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ် က ရွှေဖိနုပ်ဆုရှင် ဖြစ်လာခဲ့ တာပါပဲ ။ တောရက်စ် ဟာ ဂျာမနီ တိုက်စစ်မှူး မာရီယို ဂိုးမက်စ် နဲ့ ၃ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီးမှုချင်း တူညီ ခဲ့ပေမယ့် တောရက်စ် ဟာ ၁၈၉ မိနစ်သာ ကစားထားခဲ့တာကြောင့် ၂၈၂ မိနစ် ကစားထားတဲ့ ဂိုးမက်စ် ကို အသာရပြီး ရွှေဖိနပ်ဆုရှင် ဖြစ်လာခဲ့ပါတယ် ။ နောက်ထပ် ၃ ဂိုးသွင်းထားတဲ့ ရုရှ တိုက်စစ်မှူး အလန် ဇာဂေါ့ဗ် ကတော့ ဖန်တီးမှု မပါ၀င်တာကြောင့် တတိယသာ ရရှိခဲ့ ပါတယ် ။
ပေါ်တူဂီ ဗိုလ်စွဲ ခဲ့တဲ့ ယူရို ၂၀၁၆ မှာတော့ ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်း က သွင်းဂိုး ၆ ဂိုး နဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ ပါတယ် ။ ဒုတိယ နေရာကိုတော့ ရိုနယ်ဒို နဲ့ ဂျီရူး တို့ ၃ ဂိုးစီ နဲ့ အပြိုင် ဖြစ်ခဲ့ကြပြီး ဂိုးဖန်တီးမှု မှာ အသာရခဲ့တဲ့ ရိုနယ်ဒို ( ၃ ကြိမ် နှင့် ၂ ကြိမ် ) က ဒုတိယ ဆုရှင် ဖြစ်ခဲ့ပါတယ် ။
ဒီနှစ် ပြိုင်ပွဲ မှာတော့ ရိုနယ်ဒို ဟာ ၅ ဂိုး သွင်းထားသလို ဂိုးဖန်တီးမှုလည်း ၁ ကြိမ် ပြုလုပ် ထားပါတယ် ။ ပက်ထရစ်ရှ် က ၄ ဂိုး သွင်းထားပြီး ဖန်တီးမှု မရှိသလို စတာလင် ကလည်း ၃ ဂိုးသွင်း ထားပြီး ဖန်တီးမှု မပြုလုပ် ထားပါဘူး ။ ပွဲကစားချိန် ကလည်း ရိုနယ်ဒို က ကျန် ၂ ယောက်ထက် ပိုနည်းနေမှာ သေချာနေပါပြီ ။
ဒါကြောင့် ပက်ထရစ် ရှစ် အနေနဲ့ ၂ ဂိုး မသွင်းနိုင်ဘူး ဆိုရင် ၊ စတာလင် အနေနဲ့ ၃ ဂိုး မသွင်းနိုင်ဘူး ဆိုရင်တော့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင် ဖြစ်လာဖို့ သေချာ သွားမှာပါ ။ ရိုနယ်ဒိုဟာ ယူရို ပြိုင်ပွဲကို ၅ ကြိမ် ပါ၀င် ခဲ့ပေမယ့် တစ်ကြိမ်မှ ရွှေဖိနပ်ဆု မရခဲ့ပါဘူး ။ ဒီနှစ် ပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံး ယူရို ဖြစ်လာနိုင်တယ်လို့ သုံးသပ် ထားကြပြီး ဒီပြိုင်ပွဲမှာ ရွှေဖိနပ်ဆုကို ရယူ သွားနိုင် မလား ဆိုတာ ကတော့ . . .