ဆွီဒင် – ဆလိုဗက်ကီးယား (မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် ည ၇:၃၀ နာရီ)
ဆွီဒင်အသင်းရဲ့သမိုင်းမှာ ဆလိုဗက်ကီးယားနဲ့ (၆)ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး ဘယ်တုန်းကမှ မရှုံးခဲ့ဖူးဘူး။ ဆွီဒင်အသင်းရဲ့ ရလဒ်တွေကလည်း အကောင်းဆုံး အခြေအနေမှာရှိပြီး နောက်ဆုံး နိုင်ငံတကာပွဲ (၆)ပွဲမှာ ရှုံးပွဲမရှိကစားနိုင်ခဲ့တယ်။ ဆလိုဗက်ကီးယားက ပိုလန်အသင်းနဲ့ပွဲမှာ အနိုင်ရရှိခဲ့တာ ချီးကျူးစရာဖြစ်ပြီး ဂိုး (၂)ဂိုးသွင်းနိုင်ခဲ့တာလည်း တွေ့ရတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ ဆွီဒင်ခံစစ်ကို ကျော်ဖြတ်ပြီး ဂိုးရဖို့ မလွယ်လောက်ဘူး။ အဖွင့်ပွဲမှာ သရေကျထားတဲ့ ဆွီဒင်ကို ကြိုက်တယ်။
ခရိုအေးရှား – ချက် (မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် ည ၁၀:၃၀ နာရီ)
ချက်အသင်းက စကော့တလန်နဲ့ပွဲမှာ ခြေစွမ်းပြအနိုင်ရခဲ့တယ်။ ရှစ်ခ်သွင်းခဲ့တဲ့ဂိုးက အဆင့်အတန်းမြင့်ပြီး ဒီယူရိုပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးတစ်ဂိုးဖြစ်လာဖို့ များတယ်။ ကွင်းလယ်နဲ့ ခံစစ်ကစားပုံလည်း မဆိုးပါဘူး။ ဒါပေမဲ့ စကော့တလန်တိုက်စစ်ကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရပြီး အမှားလေးတွေလည်း တွေ့ရတယ်။ ခရိုအေးရှားက ဖောင်ဖျက်ကစားရတော့မယ့်အသင်းဖြစ်တယ်။ အထင်ကြီးလောက်စရာ လူအင်အားလည်းရှိတယ်။ ခရိုအေးရှား နိုင်ပွဲစယူမယ်ထင်တယ်။
အင်္ဂလန် – စကော့တလန် (မြန်မာစံတော်ချိန် ဇွန်လ ၁၉ ရက် နံနက် ၁:၃၀ နာရီ)
ဗြိတိန်ကျွန်းစုရဲ့ ဒါဘီပွဲလို့ ဆိုရမှာဖြစ်ပြီး မြင်နေကျ၊ ရင်ဆိုင်နေကျကစားသမားတွေ ထိပ်တိုက်ပြန်တွေ့တဲ့ပွဲလို့လည်း ပြောရမယ်။ အဖွင့်ပွဲစဉ်တွေမှာ နှစ်သင်းစလုံး ခြေစွမ်းမပြနိုင်ပေမဲ့ အင်္ဂလန်အသင်းက ခရိုအေးရှားလိုအသင်းမျိုးကို အနိုင်ကစားပြခဲ့ပြီး၊ နိုင်သင့်တဲ့ ခြေစွမ်းမျိုးလည်းဖြစ်တယ်။ စကော့တလန်ကတော့ ချက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရှုံးသင့်လို့ကို ရှုံးခဲ့တာဖြစ်ပြီး ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိနေတယ်။ အင်္ဂလန်အသင်းရဲ့ အဖွင့်ပွဲခြေစွမ်းကို ပြန်ကြည့်ရင် ဖန်တီးမှုအပိုင်းမှာ အားနည်းခဲ့ပေမဲ့ အချိတ်အဆက်မိလာရင် ပိုအားကောင်းလာနိုင်ပြီး ဟာရီကိန်းလည်း အများကြီးလုပ်မပြနိုင်ခဲ့ဘူး။ ဒါပေမဲ့ စတာလင်က ပြိုင်ဘက်ခံစစ်ကို တစ်ချိန်လုံး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ ကစားသမားမျိုးဖြစ်ပြီး ဒီပွဲမှာ ကိန်း၊ စတာလင်တို့ ဦးဆောင်တဲ့ အင်္ဂလန်တိုက်စစ် ပိုပြီးအားကောင်းလာနိုင်တယ်လို့ ခံစားရတယ်။ စကော့တလန်ကတော့ ချက်ကို ရှုံးခဲ့လို့ မျှော်လင့်ချက်နည်းနေပါပြီ။ ဒီပွဲရှုံးရင် ထွက်ရမှာဖြစ်လို့ အစွမ်းကုန်ရုန်းကန်လိမ့်မယ်ဆိုပေမဲ့ အင်္ဂလန်ပဲ နိုင်ပွဲဆက်သွားလိမ့်မယ်။