ယခုကျင်းပလျက်ရှိသည့် ယူရို – ၂၀၂၀ ပြိုင်ပွဲတွင် ပွဲကစားချိန် အများဆုံးလိဂ်ပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်နှင့် ကလပ်အသင်းများအနက် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း သိရသည်။
ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနက ဖော်ပြသည့် အချက် အလက်များအရ ၁၆ သင်းအဆင့် ပွဲစဉ်များအပြီးတွင် ပရီးမီးယားလိဂ် ကစားသမားများက ပွဲကစားချိန်အများဆုံးအဖြစ် ၂၄၆၉၈ မိနစ်အထိ ကစားခွင့်ရထားကြောင်း သိရသည်။ ပွဲကစားချိန် ဒုတိယအများဆုံးလိဂ်ပြိုင်ပွဲမှာ ဘွန်ဒစ်လီဂါဖြစ်ပြီး ၁၄၉၇၉ မိနစ် ယှဉ်ပြိုင်ကစားထားသဖြင့် ဘွန်ဒစ်လီဂါနှင့် ပရီးမီးယားလိဂ် အကြား ခြားနားမှုမှာ ၉၇၁၉ မိနစ် အထိ ရှိနေသည်။ ပရီးမီးယားလိဂ် နှင့် ဘွန်ဒစ်လီဂါနောက်တွင် စီးရီး အေပြိုင်ပွဲက ၁၄၂၅၆ မိနစ်၊ လာလီဂါပြိုင်ပွဲက ၇၉၃၇ မိနစ်၊ လီဂူး-၁ ပြိုင်ပွဲက ၃၆၅၅ မိနစ်ဖြင့် အစဉ်လိုက် ရပ်တည်လျက်ရှိသည်။
ကလပ်အသင်းများအနက် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်း ကစားသမားများက မိနစ်စုစုပေါင်း ၃၄၅၈ မိနစ်ဖြင့် ပွဲကစားချိန်အများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရ သည်။ မန်စီးတီးအသင်းပြီးလျှင် ဂျူဗင်တပ်စ်အသင်းက ၂၉၁၄ မိနစ်ဖြင့် ဒုတိယ၊ ချယ်လ်ဆီးအသင်းက ၂၉၁၀ မိနစ်ဖြင့် တတိယ၊ ဘိုင်ယန်မြူးနစ် အသင်းက ၂၈၀၅ မိနစ်ဖြင့် စတုတ္ထ၊ စပါးအသင်းက ၂၃၈၁ မိနစ်ဖြင့် ပဥ္စမနေရာတွင် ရပ်တည်လျက်ရှိသည်။ လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းမှာ စပိန်လက်ရွေးစင်အသင်း၌ ကစားသမား တစ်ဦးမျှ ရွေးချယ်ခံရခြင်းမရှိသော်လည်း ၂၀၆၉ မိနစ်ဖြင့် အဆင့် ၈ နေရာ ရပ်တည်နေပြီး မန်ယူအသင်းမှာမူ ၂၀၆၆ မိနစ်ဖြင့် အဆင့် ၉ နေရာ ရပ်တည်လျက်ရှိသည်။ ထို့ပြင် အတ္တလန္တာအသင်းက ဘာစီလိုနာ (၁၂)၊ အင်တာမီလန် (၁၄)၊ လီဗာပူးလ် (၁၇)၊ PSG (၁၈)၊ အေစီမီလန် (၂၁)၊ အက်သလက်တီကို (၂၄) တို့ထက် အဆင့် ၁၁ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
၁၆ သင်းအဆင့် ပွဲစဉ်များအပြီး တွင် ကစားသမားတစ်ဦးချင်းအလိုက် ပွဲကစားချိန် အများဆုံးအဖြစ် စပိန် အသင်းနောက်ခံလူ လာပေါ့တ် (မန်စီးတီး)၊ သြစတြီးယားအသင်း ဂိုးသမား ဘက်ချ်မန်း (ဝက်ဖို့ဒ်)၊ သြ စတြီးယားအသင်းနောက်ခံလူ အလာဘာ (ဘိုင်ယန်မြူးနစ်/ရီးယဲလ်မက်ဒရစ်)၊ ခရိုအေးရှားအသင်းနောက်ခံ လူ ဗီဒါ (ဘက်ဆစ်တက်)၊ ခရိုအေးရှားအသင်းဂိုးသမား လီဗာကိုဗစ် (ဒိုင်နမိုဇာဂရက်)၊ ယူကရိန်အသင်း ဂိုးသမား ဘက်ရှ်ချန်း (ဒိုင်နမိုကိဗ်)၊ ဆွစ်ဇာလန်အသင်းကွင်းလယ်လူ ချာကာ (အာဆင်နယ်)၊ ပြင်သစ် အသင်းဂိုးသမား လိုရစ် (စပါး)၊ ယူ ကရိန်းအသင်းနောက်ခံလူ ဇာဘာညီ (ဒိုင်နမိုကိဗ်)၊ ပြင်သစ်အသင်း တိုက်စစ်မှူး ဘာပေ (PSG)၊ ဆွစ် ဇာလန်အသင်းနောက်ခံလူ အကန် ဂျီ (ဒေါ့မွန်)၊ သြစတြီးယားအသင်း ကွင်းလယ်လူ ဆာဘစ်ဇာ (လိုက်ပ်ဇစ်)၊ သြစတြီးယားအသင်းနောက်ခံ လူ ဟင်တာရက်ဂါ (ဖရန့်ဖတ်)၊ ယူ ကရိန်းအသင်းနောက်ခံလူ မတ်ဗီ ယန်ကို (ရှက်တာဒိုးနက်)၊ ဆွစ်ဇာ လန်အသင်း နောက်ခံလူ အယ်ဗီဒီ (မိုချန်ဂလာဘတ်)၊ ပြင်သစ်အသင်း ကွင်းလယ်လူ ကွန်တေ (ချယ်လ်ဆီး)၊ ယူကရိန်းအသင်းကွင်းလယ်လူ ကာ ရာဗာယက်ဗ် (ဒိုင်နမိုကိဗ်)၊ ယူကရိန်း အသင်း ကွင်းလယ်လူ ဇင်ချန်ကို (မန်စီးတီး)၊ စပိန်အသင်းကွင်းလယ် လူ ပတ်ဒရီ (ဘာစီလိုနာ)၊ ပြင်သစ် အသင်းနောက်ခံလူ ကင်ဘမ်ပေ (PSG)၊ ပြင်သစ်အသင်းနောက်ခံလူ ဗာရန်း (ရီးယဲလ်)၊ ဆွီဒင်အသင်း ဂိုးသမား အော်လ်ဆန် (အဲဗာတန်)၊ စပိန်အသင်းဂိုးသမား အူနိုင်းဆိုင်မွန် (ဘီလ်ဘာအို)၊ ဆွီဒင်အသင်း နောက်ခံလူ လင်ဒီလော့ဖ် (မန်ယူ) နှင့် ဆွစ်ဇာလန်အသင်းဂိုးသမား ဆွန်းမား (မိုချန်ဂလာဘတ်) တို့က ပွဲအားလုံးတွင် ပွဲချိန်ပြည့် မိနစ် ၃၉၀ စီ ပါဝင်ကစားခွင့်ရထားပြီး အဆင့် ၁ နေရာတွင် ပူးတွဲရပ်တည်လျက်ရှိ ကြောင်း သိရသည်။