ရီယိုဖာဒီနန် ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ဂျက်ဂရီလစ်ချ် ပြောင်းရွေ့ လာတာကို တအား မြင်ချင် နေပေမယ့် အန်ဒီကိုးလ် ကတော့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင်ဟာ အိုလီဂန်နာ ဆိုးရှားရဲ့ အသင်းနဲ့ ကောင်းကောင်း အံဝင်မှာ မဟုတ်ဘူးလို့ ယူဆ နေပါတယ်။ အက်စတွန်ဗီလာ ကွင်းလယ် ဖန်တီးရှင်ဟာ မန်ယူနိုက်တက်နဲ့ ကာလရှည် သတင်းထွက်ပေါ် နေခဲ့သူ ဖြစ်ပြီး ဒီရာသီ ၎င်းရဲ့ အကောင်းဆုံး ပုံစံကြောင့် ဒီကောလဟာလ သတင်းတွေဟာ ပိုမို ကျယ်ပြန့်စွာ ထွက်ပေါ်လျက် ရှိနေပါတယ်။
အင်္ဂလန် လက်ရွေးစင်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲ ကစား ထားခဲ့ ရာမှာ ၅ ဂိုးသွင်းကာ ၇ ဂိုး ဖန်တီးပေး ထားခဲ့သူ ဖြစ်ပါတယ်။ ဒီရာသီမှာ ဂရီလစ်ချ် (၁၂ ကြိမ်) ထက် big chance ပိုမို ဖန်တီးနိုင်သူ ဆိုလို့ မန်စီးတီး ကွင်းလယ် ဗိုလ်ချုပ် ကယ်ဗင်ဒီဘရိုင်းနား (၁၃ ကြိမ်) သာ ရှိနေပြီး အက်စတွန်ဗီလာဟာ ဒီရာသီမှာ ဥရောပ ဝင်ခွင့်ကို ရည်မှန်းလို့ ရနိုင်တဲ့ အခြေအနေ ကောင်းကို ပိုင်ဆိုင် ထားခဲ့ ပါတယ်။
ဖာဒီနန် ကတော့ ဂရီလစ်ချ်ဟာ မန်ယူနိုက်တက် အတွက် ဦးစားပေး ပစ်မှတ် ဖြစ်သင့်တယ်လို့ ယူဆ နေပါတယ်။
ဖာဒီနန်က “ပေါလ်ပေါ့ဘာ မန်ယူနိုက်တက် ကနေ ထွက်ခွာ သွားသည် ဖြစ်စေ ဆက်ရှိနေသည် ဖြစ်စေ ကျွန်တော် ဂရုမစိုက် ပါဘူး။ ဂရီလစ်ချ် ကသာ ကျွန်တော့်ရဲ့ လူပါ။ ကျွန်တော် သူ့ကို ဆယ်ကျော်သက် ကစားသမား အရွယ် ကတည်းက သိထား ခဲ့တာပါ။ သူဟာ ကျွန်တော့် စားသောက်ဆိုင်ကို လာစားခဲ့ပြီး သူနဲ့ သူ့အဖေ အတွက် ကျွန်တော် ပွဲကြည့် လက်မှတ်တောင် လက်ဆောင် ပေးခဲ့ ပါသေးတယ်။
သူဟာ အရမ်းကောင်းတဲ့ မိသားစု ကနေ မွေးဖွားလာတဲ့ ထူးချွန်တဲ့ ကောင်လေးပါ။ သူဟာ ဘောလုံးကို ချစ်မြတ်နိုး ပါတယ်။ ကလေးတွေ ဂရီလစ်ချ်နဲ့ ပက်သက်ပြီး မမြင်တဲ့ အရာ ကတော့ သူ့ရဲ့ အောင်မြင်မှုကို ဆာလောင်မှု နဲ့ ကန့်လန့်ကာ နောက်ကွယ်မှာ ကြိုးစားပုံတွေ ပါပဲ။ သူဟာ သူ့ရဲ့ နေထိုင်စားသောက်ပုံ တွေကို ပြောင်းလဲ ခဲ့ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက် ခဲ့ပါတယ်။ ဒါ့အပြင် သူ ဒီထက် ပိုကောင်းအောင် ဘယ်လုပ်နိုင်သလဲ ဆိုတာ အမြဲ စဉ်းစားသူ ဖြစ်ပါတယ်။
ကစားသမားကောင်းတွေဟာ အချင်းချင်း တွဲဖက် ကစားနိုင်မယ့် နည်းလမ်းကို ရှာဖွေ နိုင်ပါတယ်။ သူ ယူနိုက်တက်မှာ အလုပ် ဖြစ်ပါလိမ့်မယ်။ မက်တိုမီနေး ၊ ပေါ့ဘာ ၊ ဂရီလစ်ချ် နဲ့ ဖာနန်ဒက်စ် တို့ကို တွဲဖက် ကစား စေခဲ့မယ် ဆိုရင် ဘယ်လို ဖြစ်လာမလဲ ခင်ဗျားတို့ မှန်းကြည့်လိုက်ပါအုံး။ ကျွန်တော် အခုကတည်းက သရေယိုနေပါပြီ။ သူဟာ အက်စတွန်ဗီလာ ကစားသမား တစ်ဦးပါ။ အကယ်၍ ကျွန်တော်သာ အင်္ဂလန်ရဲ့ ထိပ်တန်း အသင်းမှာ နည်းပြ တစ်ဦး ဖြစ်နေခဲ့မယ် ဆိုရင် ကျွန်တော် သူ့ကို အရ ခေါ်ယူမှာပါ။” လို့ ဆိုလိုက်ပါတယ်။
ဒါပေမယ့် အန်ဒီကိုးလ် ကတော့ ဒါကို သဘောမတူပဲ ဂရီလစ်ချ် အနေနဲ့ ယူနိုက်တက်ရဲ့ ပွဲထွက် ကစားသမား ၁၁ ယောက်မှာ fit ဖြစ်နိုင်ပမလား ဆိုပြီး မေးခွန်း ထုတ်သွား ခဲ့ပါတယ်။
ကိုးလ်က “ဂရီလစ်ချ်ဟာ စူပါ ကစားသမား တစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဒီမှာ ထိုင်ပြီး တစ်ခြား မဟုတ်တာတော့ ပြောသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် အခု တအား အလုပ် ဖြစ်နေတဲ့ မန်ယူနိုက်တက် ကွင်းလယ်ကို ကြည့်လိုက်တဲ့ အခါမှာ သူ့ကို ဘယ်နေရာမှာ ကစားခိုင်းရမလဲ ဆိုပြီး မေးခွန်း ထုတ်မိ ပါတယ်။ ခင်ဗျားတို့ ဘရူနိုဖာနန်ဒက်စ် ကို ကြည့်လိုက်ပါ။ သူ အခု ပြသနေတဲ့ စွမ်းဆောင်ရည်ဟာ တကယ့်ကို amazing ပါပဲ။ ဒီနေရာဟာ ဂရီလစ်ချ် ကစားချင်တဲ့ နေရာ ဖြစ်ပါတယ်။
အကယ်၍ သူ့ကို ဖာနန်ဒက်စ် နေရာ မဟုတ်ဘဲ ဘယ်တောင်ပံမှာ ထားကစားမယ် ဆိုပါတော့။ အဲဒီ နေရာမှာ မားကပ်ရပ်ဖို့ဒ် ကစား နေတာပါ။ ဒါ့ကြောင့် သူ့ကို ဘယ်နေရာမှာ ထားကစား သွားမလဲ? လို့ ထပ်မေးချင် ပါတယ်။ သူဟာ တကယ့် ထိပ်တန်း ကစားသမား ဖြစ်ပေမယ့် ကျွန်တော် ကတော့ ဒီလို အရာတွေကို ထည့်သွင်း စဉ်းစား ပါတယ်။ သူ့အတွက် ယူနိုက်တက်မှာ နေရာ မရှိပါဘူး။” လို့ ပြောလိုက်ပါတယ်။